ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်သူအတွက် ပြစ်ဒဏ် လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကြိုဆို

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.07.25
ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်သူအတွက် ပြစ်ဒဏ် လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကြိုဆို ၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ အထူးအစည်းအဝေးတွင် ယူကရိန်းအရေးနဲ့ပတ်သက်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်း ဆွေးနွေးတင်ပြခဲ့စဉ်။
Reuters

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထိခိုက်ဒဏ်ရာရအောင် တိုက်ခိုက်ရန်ကြံစည်မှုနဲ့ စွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဖြိုးဟိန်းထွဋ်ဟာ အပြစ်ရှိကြောင်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ တောင်ပိုင်းခရိုင်တရားရုံးကနေ တနင်္လာနေ့က ဆုံးဖြတ်လိုက်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ နယူးယောက်မြို့မှာ နေထိုင်တဲ့ အသက် ၂၈ နှစ် အရွယ် ကိုဖြိုးဟိန်းထွဋ်နဲ့ အသက် ၂ဝ အရွယ် ကိုရဲဟိန်းဇော်တို့ နှစ်ဦးကို ၂ဝ၂၁ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ကနေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

"ကုလသမဂ္ဂမှာ ပြည်သူလူထုဘက်က ရပ်တည်တဲ့ မြန်မာသံအမတ်ကြီးကို လုပ်ကြံဖို့ ကြိုးစားတယ်ဆိုတာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တရားဥပဒေစိုးမိုးမှုမရှိတာက ဒီအထိ ရောက်လာတယ်ဆိုတာ ပြတာပဲ"

ဒီအထဲက ကိုဖြိုးဟိန်းထွဋ်ဟာ နယူးယောက်မြို့မှာရှိတဲ့ သံအမတ်ကြီးရဲ့ ရုံးအဖွဲ့လုံခြုံရေး စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး သံအမတ်ကြီးနဲ့ ရုံးဝန်ထမ်းတွေရဲ့ ရုံးတွင်း သတင်းအချက်အလက်တွေကို ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားတစ်ဦးဆီ ပေးပို့ခဲ့တဲ့အကြောင်း၊ နောက်ဆုံးမှာ သံအမတ်ကြီးကို ရာထူးကနေ နုတ်ထွက်သွားတဲ့အထိ ထိခိုက်အနာတရဖြစ်အောင်လုပ်ဖို့ လုပ်ကြံသူတွေကို ငှားရမ်းဆောင်ရွက်ဖို့အတွက် ဒီလက်နက်ပွဲစားဆီက ငွေကြေးတွေ လက်ခံရယူခဲ့တာ ထင်ရှားတယ်လို့ ဇူလိုင်လ ၂၄ ရက်က နယူးယောက် တောင်ပိုင်းခရိုင်တရားရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအမှုမှာပါတဲ့ နောက်ထပ်တရားခံတစ်ယောက်ဖြစ်တဲ့ ကိုရဲဟိန်းဇော်ကတော့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး တရားရုံးက အမှုစစ်ဆေးပြီးတာနဲ့ ချက်ချင်း ပြည်နှင်ဒဏ်ပေးဖို့ ၂ဝ၂၂ ခုနှစ် မေလက အမိန့်ချမှတ်ထားတဲ့အတွက် မြန်မာနိုင်ငံကို ပြည်နှင်ဒဏ်ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

အခုလို အမေရိကန်နိုင်ငံမှာ ရှိနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်မှုအတွက် မြန်မာနိုင်ငံသားတစ်ဦးကို အပြစ်ရှိကြောင်း ဆုံးဖြတ်တာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရ ဦးကျော်ဇောက အခုလို ပြောပါတယ်။

"မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြိုးစားတဲ့ မြန်မာနွယ်ဖွားကို အမေရိကန်ပြည်ထောင်စု တရားစီရင်ရေးကနေ ပြစ်မှုထင်ရှားတယ်ဆိုပြီး အမိန့်ချတာရှိတယ်။ ဒါက ဘာပြလဲဆိုတော့ အမေရိကန်ပြည်ထောင်စုက တရားဥပဒေစိုးမိုးရေးရှိတယ်ဆိုတာ ပြတယ်၊ နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံမှာ တရားဥပဒေပျက်ပြားနေတာက ဘယ်အထိ ဂယက်ရိုက်လာလဲဆိုတာ မြန်မာနိုင်ငံပြင်ပ အမေရိကန်ပြည်ထောင်စုရောက်တဲ့အထိ တော်လှန်ရေးမှာ ရဲရဲဝံ့ဝံ့နဲ့ ကုလသမဂ္ဂမှာ ပြည်သူလူထုဘက်က ရပ်တည်တဲ့ မြန်မာသံအမတ်ကြီးကို လုပ်ကြံဖို့ ကြိုးစားတယ်ဆိုတာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တရားဥပဒေစိုးမိုးမှုမရှိတာက ဒီအထိ ရောက်လာတယ်ဆိုတာ ပြတာပဲ။ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုမရှိဘဲ မတရားတာတွေ အကြမ်းဖက်တာတွေ ဖြစ်နေတာက တစ်နည်းတစ်ဖုံနဲ့ မီးမောင်းထိုးပြတယ်လို့ မြင်မိတယ်။ နောက်တစ်ခုကကျတော့ ဒီမိုကရေစီအရေးလှုပ်ရှားတဲ့သူတွေ ခေါင်းဆောင်တွေအတွက်က သတိဆိုတာ မပိုဘူးပေါ့နော်။ ဒီလိုမျိုးလုပ်တာက စကစ ကသာ လုပ်တာမှန်ရင် သူများတိုင်းပြည်ကို ကျူးကျော်တဲ့ အနေအထားတစ်ခုရောက်သွားပြီ၊ သူများတိုင်းပြည်ကို ကျူးကျော်ရင် အဲဒီတိုင်းပြည်ကလည်း သူတို့တိုင်းပြည်ကို ရန်စမှုတစ်ခုအနေနဲ့ သူတို့ရဲ့ အမျိုးသားလုံခြုံရေးဘက်ကနေ ကြည့်ပြီး ထိုက်သင့်သလို လက်တုံ့ပြန်တာ အရေးယူတာ၊ အမေရိကန်ပြည်ထောင်စုဆိုရင် သူတို့ရဲ့ နိုင်ငံသား သူတို့ရဲ့ အကျိုးစီးပွား၊ သူတို့ရဲ့လုံခြုံရေးကို ထိပါးတယ်ဆိုရင် သူတို့အနေနဲ့ တရားဥပဒေစိုးမိုးရေးအရ လက်တုံ့ပြန်တာတွေ တွေ့ရမယ်ဆိုတာ သတိပေးချင်ပါတယ်"

အခုလို အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တာကြောင့် မြန်မာစစ်တပ်ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို အခြားနိုင်ငံတွေကို ပျံ့နှံ့လာဖို့ ခွင့်မပြုကြောင်း ပြောလိုက်တာဖြစ်တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ HRW ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးဟောင်း Brad Adam က ပြောပါတယ်။

“ဒီလို အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တာ အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အခြားတစ်နိုင်ငံကို တင်ပို့ခွင့် မပြုသင့်ပါဘူး။ အထူးသဖြင့် အမေရိကန်နိုင်ငံဟာ ကုလသမဂ္ဂဌာနချုပ်တည်ရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကုလသံအမတ်တွေရဲ့ လုံခြုံရေးကို လုံးဝစိတ်ချရဖို့ တာဝန်ယူနိုင်ဖို့ လိုပါတယ်။ မြန်မာစစ်တပ်ရဲ့ လူမိုက်ဂိုဏ်းဂဏဆန်ဆန် အကြမ်းဖက်တိုက်ခတ်ဖို့ ခြိမ်းခြောက်ကြံစည်တဲ့ လုပ်ရပ်တွေကို မြန်မာနိုင်ငံ ပြင်ပမှာပါ လာလုပ်ဖို့ ခွင့်မပြုကြောင်း ပြောရာရောက်ပါတယ်”

နယူးယောက်မြို့မှာ နေထိုင်တဲ့ ကိုနေတင်မြင့်ကလည်း ဒါဟာ တရားဥပဒေစိုးမိုးမှု ရှိတဲ့နိုင်ငံမှာ မြန်မာ စစ်ခေါင်းဆောင်တွေ ထင်ရာစိုင်းလို့ မရကြောင်း ပြသလိုက်တာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ukmt-case.jpeg
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသား ကိုဖြိုးဟိန်းထွဋ်နှင့် ကိုရဲဟိန်းဇော်။ (ဝဲ မှ ယာ)

အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေး အင်စတီကျု USIP က မြန်မာ့အရေး လေ့လာသုံးသပ်သူ Billy Ford က မြန်မာ စစ်တပ်ဟာ သူတို့ အာဏာတည်မြဲဖို့ ဘာမဆိုလုပ်မယ်ဆိုတာ ထင်ရှားတယ်လို့ RFA ကို ပြောပါတယ်။

“ဒီဖြစ်ရပ်ကြောင့် မြန်မာစစ်တပ်ဟာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ကုလသမဂ္ဂသံအမတ်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ဖို့အပါအဝင်၊ သူတို့ အာဏာတည်မြဲဖို့ ဘာမဆို လုပ်မယ့် ရာဇဝတ်ဂိုဏ်း အဖွဲ့အစည်း တစ်ခု ဖြစ်တယ်ဆိုတာ ထင်ရှားစေပါတယ်။ မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့နှစ်နှစ်က တရားမဝင် အာဏာသိမ်းယူခဲ့ကတည်းက ဒီလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းတဲ့အမှုအပြင် အရပ်သားပြည်သူတွေကို နှိပ်စက် သတ်ဖြတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အခြားမှုခင်းအမျိုးမျိုးကို အရေးယူ အပြစ်ပေးခံရခြင်းမရှိဘဲ ကျူးလွန်နေခဲ့ပါတယ်။ ဒီအမှုမှာ ကျူးလွန်သူကို ရုံးတင်စစ်ဆေးပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်ခဲ့တာကတော့ တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ဟာ သူတို့ ကျူးလွန်ခဲ့တဲ့ အမှုအများစုအတွက်တော့ အရေးယူခံရမှာ မဟုတ်တဲ့အကြောင်း သိနေပါတယ်။ ၂ဝ၂၂ခုနှစ်နောက်ပိုင်းမှာ၊ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးအင်အားစုတွေဟာ ကြီးမားတဲ့ တိုးတက်မှုတွေ ရှိလာတာကြောင့် မြန်မာ စစ်တပ်ဟာ သွေးပျက်နေပြီး ဖိနှိပ်သတ်ဖြတ်မှုတွေကို တိုးလုပ်လာနေပါတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်စွမ်းကို ကန့်သတ်ကြဖို့နဲ့ သူတို့ရဲ့ သတ်ဖြတ်မှုတွေအတွက် ပြန်ပေးဆပ်ရမယ့် အတိုင်းအတာ ပိုများလာအောင် ဝိုင်းလုပ်ကြဖို့ လိုပါတယ်”

ဒီအမှုရဲ့နောက်ကွယ်မှာ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်က ပါဝင်ပတ်သက်နေတယ်လို့ လူတချို့က ယူဆပေမယ့် RFA က အတည်ပြုနိုင်ခြင်း မရှိသေးသလို မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

2.png
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြေးစားငှားရမ်းခအတွက် ရဲဟိန်းဇော်က ဖြိုးဟိန်းထွဋ်ကို Zelle မိုဘိုင်း ငွေလွှဲဝန်ဆောင်မှုမှတဆင့် နောက်ထပ် ဒေါ်လာနှစ်ထောင် လွှဲပေးခဲ့ကြောင်း FBI မှ ဖော်ထုတ်ရရှိသည့် အထောက်အထားတစ်ခု။ (Screenshot: U.S. Attorney’s Office, Southern District of New York)

ဒီ ဖြစ်ရပ်ကြောင့် စစ်ကောင်စီဟာ ပြည်ပမှာ အခြေစိုက်တဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့၊ ကြိုးကိုင်စီစဉ်နိုင်လောက်တဲ့ အရင်းအမြစ်တွေနဲ့ စိတ်ဆန္ဒတွေ ရှိနေတယ်ဆိုတာ သံသယဖြစ်စရာမရှိတဲ့အကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားကြပါတယ်။

“ဒါက ခြိမ်းခြောက်မှုသက်သက်ထက် ပိုတာ သေချာပါတယ်။ မြန်မာစစ်တပ်နဲ့ သူ့ရဲ့ သြဇာခံ အဖွဲ့အစည်းတွေဟာ နိုင်ငံတကာဥပဒေတွေ၊ စံနှုန်းတွေကို ချိုးဖောက်ဖို့ ဝန်မလေးတဲ့ ရာဇဝတ်ကောင်တွေ ဖြစ်ပါတယ်။ အခုလို အတိုက်အခံဘက်က ခေါင်းဆောင်တစ်ဦးကို ရာထူးကနေ ဖယ်ရှားနိုင်မယ်ဆိုရင် သူတို့ရမယ့် အကျိုးက ခံရမယ့်အပြစ်ထက် အများကြီး ပိုများပါတယ်။ ဒီလို တွက်ကိန်းကြောင့်လည်း တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ ဝန်မလေးတဲ့ အခြေအနေ ဖြစ်လာတာ ဖြစ်ပါတယ်။”

ဒါက USIP က မြန်မာ့အရေး လေ့လာသုံးသပ်သူ Billy Ford က ပြောသွားတာပါ။

HRW ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးဟောင်း Brad Adam ကလည်း အခုလို သုံးသပ်ပါတယ်။

“မြန်မာစစ်တပ်မှာ အတိုက်အခံခေါင်းဆောင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခိုင်းဖို့ လုံလောက်တဲ့ ငွေကြေး အရင်းအမြစ်တွေ ရှိပါတယ်။ သူတို့မှာ လုပ်ကြံသတ်ဖြတ်ဖို့ စိတ်ဆန္ဒလည်း ရှိပါတယ်။ သူတို့ ဖြစ်စေချင်တာကို ငွေယူပြီး အကောင်အထည် ဖော်ပေးမယ့် နိုင်ငံခြားသားတွေ ဒါမှမဟုတ် သူတို့နဲ့အယူအဆတူသူတွေလည်း ရှိပါတယ်။ ”

ဒီအမှုကို ရှစ်ရက်ကြာ စစ်ဆေးပြီးတဲ့နောက် အခုလို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး၊ ၂ဝ၂၄ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ တရားသူကြီးက စီရင်ချက်ချမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်ဥပဒေအရ နိုင်ငံခြားသံတမန်အရာရှိတစ်ဦးကို တိုက်ခိုက်ဖို့ ကြံစည်ရာမှာပါဝင်ကြောင်း ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။