စစ်ပြေးဒုက္ခသည်တွေအတွက် မြစ်ကြီးနားမှာ ရန်ပုံငွေရှာ


2014.11.30

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးဒုက္ခသည်တွေ သိန်းနဲ့ချီပြီးရှိနေပါသေးတယ်၊ အဲ့ဒီ ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖို့ရော ဒုက္ခသည်တွေအနေနဲ့ ခဏတာပျော်ရွှင်နိုင်ရေးအတွက်ပါ ရည်ရွယ်ပြီး ဒီဖျော်ဖြေပွဲတွကို လက်ခံဆောင်ရွက်ပေးတာလို့ ဟာသသရုပ်ဆောင်တွေဖြစ်ကြတဲ့ ကိုဗေလုဝနဲ့ ကိုဒိန်းဒေါင် တို့က ပြောပါတယ်။

သူတို့ကို မနေ့ညက ဖျော်ဖြေပွဲပြီးတဲ့အချိန် သန်းခေါင်ကျော် မနက် ၂ နာရီလောက်မှာ တယ်လီဖုန်းနဲ့ စကားပြောဖြစ်တာပါ။ ဒီဖျော်ဖြေပွဲနဲ့ပတ်သက်လို့ ဟာသသရုပ်ဆောင် ကိုဒိန်းဒေါင်က အခုလိုပြောပြပါတယ်။

ကိုဒိန်းဒေါင်။     ။ဒီနေ့ဆိုလို့ရှိရင် စစ်ရှောင်တိုင်းရင်းသား ၅ဝဝ ကျော်လောက်လာကြည့်တယ်၊ ကျနော်တို့လည်း သူတို့ရဲ့ဘဝ အမောပြေဖို့အတွက် ရီစရာတွေလည်း အများကြီးလုပ်ပလိုက်တယ်၊ ပရိတ်သက်ကတော့ ၂ ညလုံး အုံးအုံးကြွပ်ကြွပ် အားပေးကြပါတယ်၊ အလှူငွေတွေကလည်း သိန်း ၁ဝဝဝ ကျော်လောက်တော့ရပါတယ်၊ ကျနော်တို့က ၂ ရက်ကို အနုပညာကြေးယူတယ်ဗျ၊ မနက်ဖြန် ၁ ရက်ကို တပြားမှမယူပဲ ကျနော်တို့ မေတ္တာနဲ့ ကပေးရမှာ ကျနော်တို့ကတော့ ဒါတိုင်းရင်းသားတွေအတွက် မဟုတ်သလို လူသားချင်းစာနာတဲ့နဲ့ ကျနော်တို့ လာလုပ်ပေးကြတာပါ၊ ရန်ကုန်မှာဆိုလို့ရှိရင် ကျနော်တို့ ဒီလာဖို့အတွက်ကို ဗုံးတွေပေါက်တယ် ဘာညာ နဲ့ ကောလာဟလတွေကြားရတော့ မသွားဖို့တားကြတဲ့လူတွေရှိတယ်၊ ဒါပေမဲ့ ကျနော်တို့က ပရိတ်သက်ရှိတဲ့နေရာ ပရဟိတရှိတဲ့နေရာ ကျနော်တို့ လိုက်ရမှာပဲ၊ သွားရမှာပဲ အနုပညာသမားလေ၊ သူတို့ အားပေးလို့ ကျနော် တို့ နိုင်ငံကျော် အနုပညာသမားတွေ ဖြစ်ခဲ့ကြတာပဲ၊ အဲ့ဒီအတွက် ကိုယ့်တိုင်းရင်းသားလူမျိုးတွေ ထမင်းတလုတ် ပဲဖြစ်ဖြစ်၊ ဟင်းတစ်ခွက်ပဲဖြစ်ဖြစ် အဲ့အတွက် ကျနော်တို့က အဲ့ဒီရည်ရွယ်ချက်နဲ့ လာဖြေဖျော်ကြတာပါ။

ကိုဗေလုဝကလည်း အခုလိုပြေပါတယ်။

ကိုဗေလုဝ။      ။ကလေးတွေက စာသင်ခန်းထဲ မဝင်ရသေးဘူး၊ ကလေးတွေ ကျောင်းနဲ့ဝေးနေကြရတယ်၊ အဲ့ဒီတော့ ကျန်တဲ့ ကျနော်တို့က လူသားချင်းကိုယ်ချင်းစာတော့ ရင်ထဲအောင့်တာပေါ့၊ ကျနော်တို့ ခံစားလို့ရတာပေါ့ အဲ့ဒါတွေက။

ဒုက္ခသည်စခန်းတွေကို သွားခဲ့တဲ့အခါမှာ တွေခဲ့ရတဲ့မြင်ကွင်းတွေနဲ့ ခံစားချက်ကိုလည်း ကိုဒိန်းဒေါင်က အခုလိုပြောပြပါတယ်။

ကိုဒိန်းဒေါင်။     ။ကျနော်တို့ ဒုက္ခသည်စခန်းကို ကျနော် သွားကြည့်ဖူးတယ်ဗျာ၊ ပန်းကန်လေးတွေနဲ့ သူတို့မှာလေ၊ မျက်လုံးလေးတွေ မော်လို့ဟိုကြည့် ဒီကြည့်နဲ့ သူတို့ရဲ့ဘဝလေးတွေ အရမ်း သနားဖို့ကောင်းတယ်ဗျ၊ သူတို့ရဲ့ ဘဝလေးတွေကိုလည်း စာနာတာပေါ့၊  တချို့ ကျနော်ကိုယ်တိုင် ဗန်းမော်မှာတုန်းကလေ HIV ဖြစ်နေတဲ့ အဲ့ဒုက္ခသည်တွေ စခန်းကိုတောင် ကျနော်ရောက်တာ၊ သီးသန့်ထားတာလေ သူတို့ပြကြတယ်၊ အဲ့ဒီစခန်းရဲ့ ဒီဘက်မှာလေ ကျနော်တို့ ရောက်သွားတဲ့အခါကျတော့ ကလေးတွေအုပ်လိုက် သူတို့မှာလေ ထမင်းပန်းကန်လေးနဲ့ ဆွဲထွက်လာတာတွေ၊ တချို့ကျတော့လည်း ဘယ်လိုခေါ်မလဲ အဖေသေတဲ့လူတွေ၊ အမေသေတဲ့လူတွေ မျက်စိသူငယ်၊ နားသူငယ် တစ်ယောက်တည်းကျန်ခဲ့တဲ့ ကလေးတွေ၊ အဲ့လိုဟာတွေ ရင်နာစရာအများကြီးတွေ့ ရတယ်၊ အဲ့ဒီ စစ်ရှောင်တဲ့ တိုင်းရင်းသားတွေကလေ သူတို့ပိုင်တဲ့ လယ်ယာမြေတွေ စွန့်ခွာပြီးပြေးရတယ်၊ သူတို့ မိဘတွေ၊ သူတို့ ညီအကို မောင်နှမတွေနဲ့ ရှင်ကွဲကွဲရတာရှိသလို သေကွဲကွဲရတာလည်းရှိတာတွေ့တော့ အဲ့ဒီမှာ ကျနော်တို့ မျက်ရည်ဝဲခဲ့ရတယ်ပေါ့ဗျာ၊ အဲ့လိုတွေ ကျနော်တို့ တွေ့ခဲ့ရ မြင်ခဲ့ရတယ်ပေါ့၊ သူတို့တွေက ကျနော်တို့ ကိုတွေ့လို့ရှိရင် တကယ့် ကယ်တင်ရှင်ကြီးလာသလိုမျိုး သူတို့မှလေ၊ တကယ်တော့ ကျနော်တို့က ကယ်တင်ရှင် မဟုတ်ပါဘူး၊ အနုပညာရှင်တွေဆိုတော့ သူတို့ကို အားပေးတဲ့ သူတို့ဆီကိုရောက်လာတဲ့အခါမှာ သူတို့ရဲ့ ပျော်ရွှင် မှှုလေးတွေ တွေ့တဲ့အခါမှာ ကျနော်တို့ ပီတိဖြစ်ခဲ့ရပါတယ်။

ဒီလို စစ်ဘေးဒုက္ခသည်တွေအပြင် ပြည်သူတွေမှာ လယ်သိမ်းယာသိမ်း ခံရတဲ့အတွက် ဘဝအခြေအနေတွေပျက်ပြီး အိမ်နီးချင်နိုင်ငံတွေကို ရောက်နေကြတာကိုလည်း သက်ဆိုင်ရာက သိစေချင်တယ်လို့ ကိုဗေလုဝက ပြောပါတယ်။

ကိုဗေလုဝ။      ။အခုဟာက အကုန်သိမ်းနေတာကတော့ တကယ်ကို လက်မဲ့တွေဖြစ်ကုန်တာ၊ သူသူကိုယ် ကိုယ်ပေါ့ အဲ့လိုအဖြစ်တွေ ရုန်းကန်နေရတယ်၊ ပြေလွှားနေရတယ်၊ အသက်မပြည့်တဲ့ ကလေးလေးတွေ လက်ဖက်ရည်ဆိုင်တွေမှာ အကုန်လုံး၊ ယိုးဒယားမှာပဲကြည့်ကြည့် မလေးရှားမှာပဲကြည့်ကြည့်ဗျာ၊ ကျနော် တို့ မြန်မာတွေကို သူများဥပဒေအောက်မှာ လုပ်စားကြရတာ၊ အဲ့ဒီတော့ဗျာ ဘာပဲပြောပြော ဒါတွေက သူတို့ သိသင့်နေပါပြီ၊ ခေါင်းဆောင်ပိုင်းတွေ သိသင့်ပါပြီ။

ဒါကြောင့် ဒီလိုဒုက္ခတွေအတွက် ငြိမ်းချမ်းရေးကို ပြည်သူတွေရစေချင်တယ်လို့ ကိုဗေလုဝက ဆိုပါတယ်။

ကိုဗေလုဝ။      ။ကျနော်တို့ကတော့ဗျာ ငြိမ်းချမ်းရေးဆိုတာ ပဋိပက္ခ အားလုံးကလည်း ရင်ဘက်ထဲက မသန့်ရှင်းကြ တဲ့ကိစ္စတွေပဲဗျ၊ အဲ့ဒီ ရင်ဘာက်ထဲက သန့်ရှင်းမယ်ဆိုလို့ရှိရင် စစ်လည်းဖြစ်စရာမလိုဘူး၊ ရှောင်စရာလည်းမလိုဘူး၊ စစ်လည်းဖြစ်စရာလည်း အကြောင်းမရှိဘူး၊ အခုဟာတွေက ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးနဲ့ ဝေ့လည်ကြောင် ပတ်တွေတော့ မဖြစ်စေချင်တော့ဘူးလေ၊ ဒါကြောင့် ဘာပဲပြောပြော ငြိမ်းချမ်းစေချင်ပါပြီဗျာ၊ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်စေချင်ပါပြီ၊ အဲ့ဒါတော့ မြန်မာပြည်တစ်ပြည်လုံရဲ့ ရင်ဘက်ထဲက ရေးတဲ့စကားလုံးပါပဲ။

ကိုဒိန်းဒေါင်ကလည်း ငြိမ်းချမ်ရေးအတွက် သူ့ဆန္ဒကို အခုလို ပြောပါတယ်။

ကိုဒိန်းဒေါင်။     ။ကိုဗေလုဝပြောသလို သေနက်ပြောင်းဝမှာ နှင်းဆီပန်းမပွင့်ပါဘူး၊ ယမ်းငွေ့တွေပဲ ဝေတာ ပါဆိုတာပါ အဲ့လိုမျိုးပေါ့၊ ကျနော်တို့ သေနက်ပြောင်းဝမှာ နှင်းဆီပန်းပွင့်တာကိုပဲ မြင်ချင်ပါတယ်ဗျာ။

ဒီလို စစ်ရဲ့ဒုက္ခတွေခံစားနေရတဲ့ တိုင်းရင်းသားတွေအတွက် ဘယ်အချိန်ှမဆို ဘယ်နေကိုမဆို သူတို့တက်တဲ့ အနုပညာနဲ့ ရန်ပုံငွေပွဲတွေလိုက်ပြီး ဖျော်ဖြေပေးဦးမယ်လို့လည်း ဟာသသရုပ်ဆောင်တွေဖြစ်ကြတဲ့ ကိုဒိန်းဒေါင်နဲ့ ကိုဗေလုဝတို့ ပြောပါတယ် ခင်ဗျား။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။