စစ်ကောင်စီလက်အောက်က ပြည်သူတွေရဲ့ဘဝအကြောင်း NUG ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်နဲ့ မေးမြန်းချက်
2024.02.08
အာဏာသိမ်းစစ်ကောင်စီ လက်အောက်က ပြည်သူတွေရဲ့ဘဝတွေဟာ အလွန်ခက်ခဲကြမ်းတမ်းနေပြီး ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းဖို့ အရေးကြီးတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ပြောပါတယ်။
လက်ရှိ စစ်ကောင်စီအနေနဲ့ အုပ်ချုပ်ရေးယန္တရားကို ကောင်းကောင်းမတည်ဆောက်နိုင်တော့သလို စစ်တပ်ကလည်း နည်းလမ်းပေါင်းစုံနဲ့ ယိုင်နဲ့နေပြီဖြစ်တာကြောင့် ပြည်သူတွေ အားတင်းထားကြဖို့လည်း သူကတိုက်တွန်းလိုက်ပါတယ်။
ဒေါ်အိသဉ္ဇာမောင်ကို RFA သတင်းထောက် ထက်ထက်အိန္ဒြာအောင် ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ခုဆို အာဏာသိမ်းတာ သုံးနှစ်တင်းတင်းပြည့်ပြီဆိုတော့ ဒီတော်လှန်ရေးမှာ ဝန်ကြီးကလည်း ဦးဆောင်ပါဝင်နေတစ်ဦးဆိုတော့ နွေဦးတော်လှန်ရေးရဲ့ လက်ရှိအခြေအနေအပေါ် အမြင်လေး သိချင်ပါတယ်။
ဖြေ ။ ။ ဒီတော်လှန်ရေးကတော့ ကျွန်မတို့ သမိုင်းတစ်လျှောက်မှာ မရခဲ့ဖူးတဲ့ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေနဲ့ အကောင်းဆုံးအောင်မြင်မှုကို ရနေတာပေါ့နော်။ စစ်တပ်ဘက်မှာလည်း လူထုထောက်ခံမှု အကြီးအကျယ် ကျရှုံးနေချိန်ဖြစ်တယ်။ တစ်ဖက်မှာလည်း institution ကောင်းကောင်းနဲ့ တည်ဆောက်လာပါတယ်ဆိုတဲ့ စစ်တပ်က ဒီချိန်မှာ နည်းလမ်းပေါင်းစုံနဲ့ ယိုင်နဲ့နေတဲ့ အချိန်ပါ။ အုပ်ချုပ်ရေးလည်း ကောင်းကောင်းမတည်ဆောက်နိုင်၊ သူ့ယန္တရားလည်း ကောင်းကောင်းမတည်ဆောက်နိုင်တဲ့ အခြေအနေရောက်နေပါတယ်။ သူတို့ထွက်ပေါက်တောင် ပြေးရှာနေရတဲ့ အနေအထား ရောက်နေတာပေါ့နော်။ ဆိုတော့ နွေဦးတော်လှန်ရေးရဲ့ အချိန်အခါကောင်း ရောက်လာတယ်လို့ပဲမြင်ပါတယ်။
မေး ။ ။ အာဏာသိမ်းစစ်ကောင်စီလက်အောက်က အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ လက်ရှိ ဘဝအခြေအနေတွေက ဘယ်လောက်ထိဆိုးရွားနေတယ်လို့ ပြောနိုင်ပါလဲရှင့်။
ဖြေ ။ ။ ဒီကာလမှာတော့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေက ပိုပြီးကြမ်းတမ်းတာပေါ့နော်။ အခုက ခေတ်ဆိုး၊ စနစ်ဆိုး ဖြတ်သန်းနေရတာဆိုတော့ ဒီလိုကာလအောက်မှာ အမျိုးသမီးတွေ အခြေအနေက သာမာန်အချိန်တွေထက် ပိုပြီး ကြမ်းတမ်းခက်ခဲတဲ့ အနေအထားမှာ ရှိတာပေါ့။ တော်လှန်ရေးထဲမှာ ပါ၀င်နေတဲ့ အမျိုးသမီးတွေဆိုလည်း ဒီအမျိုးသမီးတွေအလိုက်၊ ကိုယ်ရပ်ရွာမှာ နေနေတဲ့ အမျိုးသမီးတွေလည်း ဒီအခြေအနေမှာ တရားဥပဒေစိုးမိုးမှု ကင်းလွတ်နေတဲ့ အနေအထားဖြစ်တဲ့အခါကျတော့ ဒီလိုစနစ်ဆိုးအောက်မှာ ဖြတ်သန်းမှုတွေက ကြမ်းတမ်းပါတယ်။
မေး ။ ။ ဒီလူတွေအတွက်ကိုရော NUG က ဘယ်လိုကူညီမှုတွေ ပေးနေပါလဲ။ လက်ရှိမှာ ဘယ်လောက်အတိုင်းအတာအထိ ကူညီပေးနေနိုင်လဲ။
ဖြေ ။ ။ ကျွန်မတို့ကတော့ ဝန်ကြီးဌာနရဲ့ ဆောင်ပုဒ်အလိုက် ကူညီတာ၊ ထောက်ပံ့တာ၊ ကာကွယ်တဲ့အပိုင်းတွေကို အဓိကထား လုပ်ဆောင်ကြပါတယ်ရှင့်။ တာဝန်ယူထားတဲ့ အပိုင်းမှာဆိုရင်တော့ စစ်ဘေးရှောင်ဆိုရင် အမျိုးသမီးရယ်၊ ကိုယ်ဝန်ဆောင်မိခင်ရယ်ကို အဓိက တာဝန်ယူဆောင်ရွက်တယ်။ တော်တော်များများတော့ ကူညီပေးနိုင်ခဲ့ပါတယ်။ တချို့ဟာတွေကျတော့ ကျွန်မတို့ ဝန်ကြီးဌာနနာမည်ခံလို့မရတဲ့ ကိစ္စလည်း ရှိတယ်ပေါ့နော်။ ဘာပဲပြောပြော ကျွန်မတို့ရဲ့ စဥ်းစားချက်သည် လိုအပ်နေသူတွေလက်ထဲ ရောက်သွားဖို့က အရေးအကြီးဆုံးဖြစ်တယ်။ ဒီအခြေခံစဥ်းစားချက်ကိုပဲ စဥ်းစားပြီးတော့ ကူညီပါတယ်။ ဒါကြောင့်မို့ တချို့ကိစ္စတွေမှာ ဝန်ကြီးဌာန နာမည် သိပ်မခံဖြစ်တာပါ။ အကူအညီက တောက်လျှောက်ပေးဖြစ်ပါတယ်။
မေး ။ ။ အခုမြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ သန်းနဲ့ချီ ရှိနေတယ်။ အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးတွေက အများစုဖြစ်တယ်။ ဒီစစ်ဘေးရှောင်တွေအတွက်ကိုရော ဘာတွေဆောင်ရွက်နေပါလဲ။
ဖြေ ။ ။ စစ်ဘေးရှောင်ကိစ္စတွေက NUG မှာ တာဝန်မယူခင် အရင်တည်းက လုပ်နေတဲ့ ကိစ္စတွေကပါ။ ဆောင်းရာသီဆို ဆောင်းတွင်းအလိုက်၊ မိုးရာသီဆို မိုးအလိုက်၊ နွေဆို နွေအလိုက် လိုအပ်ချက်တွေက မတူကြဘူး။ အခုဆို စစ်ဘေးရှောင်က ပိုတိုးလာတယ်။ တစ်နိုင်ငံအနေနဲ့လည်း စစ်ပွဲကို အရှိန်အဟုန်နဲ့ တိုက်ပွဲဝင်နေတဲ့အခါမို့ စစ်ဘေးရှောင်တိုးလာပြီး လိုအပ်ချက်တွေ ပိုတိုးလာတာ။ အဓိကက အခြေခံ စားဝတ်နေရေး၊ လုံခြုံရေးတွေ ပူရတယ်။ စစ်ကြောင်းထိုးလာတာတွေရှိရင် အချိန်မရွေး ရှောင်ရပုန်းရတဲ့ကာလဖြစ်တယ်။ ဆောင်းတွင်းလည်းဖြစ်တော့ ပိုခက်ခဲတယ်။ တချို့နေရာတွေမှာဆိုရင် အမိုးအကာ၊ အနွေးထည်၊ စောင်တွေ မလုံလောက်တာတွေ အများကြီးကြားတယ်။ တချို့ ကလေးတွေ အရမ်း သနားဖို့ကောင်းကြတယ်။ ဒီချိန်မှာ အေးလို့ ငိုတောင်ငိုကြတယ်။ ဒီလိုသတင်းမျိုးကြားရင် အမြန်ဆုံး ကူညီနိုင်အောင် ကြိုးစားပါတယ်။ ဒါပေမဲ့ လိုအပ်ချက်နဲ့ ဖြည့်ဆည်းပေးနိုင်မှုကတော့ မလုံလောက်ဘူး ဖြစ်နေသေးတယ်။
မေး ။ ။ အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပိုဆိုးလာခဲ့တယ်လို့ အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေတဲ့အဖွဲ့တွေက ထောက်ပြကြပါတယ်။ NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကလည်း ဒီလိုအမျိုးသမီးတွေ အကြမ်းဖက်မှုခံရမှုတွေအတွက် တိုင်ကြားတာတွေကို ဆောင်ရွက်တာတွေရှိတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ကူညီဆောင်ရွက်နေတဲ့ အခြေအနေ သိပါရစေ။
ဖြေ ။ ။ နံပါတ်တစ်ကတော့ တိုင်ကြားလာသူရဲ့ လုံခြုံရေးပါ။ ဒါက အရေးကြီးတယ်။အကယ်လို့ တိုင်ကြားလာသူက ပြည်တွင်းမှာရှိနေတယ် မလုံခြုံဘူးဆိုရင် ဒီအမှုကို ဆက်ပြီးတိုင်ဖို့ရာ ဖိအားရှိတယ်။ လုံခြုံတဲ့နေရာမှာ မရှိဘူးဆိုရင် သူ့ဆန္ဒအလိုက် လုံခြုံတဲ့နေရာကိုပြောင်းပေးတယ်။ နောက်တစ်ခုက အမှုဖြစ်စဥ် တစ်ခုချင်းစီအလိုက် သေချာမှတ်တမ်းယူတယ်။ နစ်နာသူနဲ့ တွေ့တယ်။ ဆွေးနွေးတာတွေ ရှိတယ်။ သက်ဆိုင်ရာအလိုက် အရေးယူဆောင်ရွက်မှုတွေလုပ်နိုင်ဖို့ လုပ်ကြတယ်။ တစ်ဖက်မှာလည်း နစ်နာသူအတွက် ကူညီပေးရမယ့် အစီအစဥ်တွေ ဆက်လုပ်တယ်။ ဥပမာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ အမှုရင်ဆိုင်နေတဲ့သူဖြစ်တယ်ဆိုရင်လည်း ကုန်ကျစရိတ်တွေ၊ ရှေ့နေဆောင်ရွက်မှုတွေ ကူညီပီးလုပ်ဆောင်ပေးတယ်။ သို့သော် လုံခြုံရေးက အရေးကြီးတာဖြစ်တဲ့အတွက် ဝန်ကြီးဌာန နာမည်မခံဘူး။ နစ်နာသူအဆင်ပြေဖို့အတွက်ပဲ အကောင်းဆုံးလုပ်ပေးပါတယ်ရှင့်။
မေး ။ ။ အခု ၂၀၂၄ ခုနှစ်အတွင်း NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဘာတွေလုပ်ဆောင်သွားဖို့ရော ရည်ရွယ်ထားပါလဲ။
ဖြေ ။ ။ အရေးကြီးဆုံးကတော့ အာဏာရှင်အမြန်ဆုံးပြုတ်ကျဖို့ပဲ။ ပြည်သူတွေလည်း အများကြီး ဒုက္ခခံစားခဲ့ရပြီးပြီ။ အချိန်ကုန်မြန်တယ်ဆိုပေမယ့် တကယ်ခံရတဲ့သူအတွက်ကျတော့ တစ်နေ့ တစ်နေ့ ကုန်ဖို့အရမ်းကြာတယ်။ ပြည်တွင်းမှာလည်း ဒုက္ခတွေရောက်နေကြတယ်။ ပြည်ပကို ရွှေ့ပြောင်းလာတဲ့သူတွေလည်း တအားဒုက္ခရောက်တယ်။ ဆိုတော့ အာဏာရှင်အမြန်ဆုံးချုပ်ငြိမ်းဖို့ပဲ။ ဝန်ကြီးဌာနရဲ့လုပ်ငန်းစဥ်တွေ ဘာကိုပဲလုပ်လုပ် ဒါကိုပဲ ဦးတည်ပြီး လုပ်တယ်။ တိုက်ပွဲဖြစ်လာရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ကိစ္စတွေ စစ်ဘေးရှောင်ကူညီတာ ဒီကာလမှာ အမျိုးသမီးအရေးက ကျယ်ကျယ်ပြန့်ပြန့် အသံတွေ အများကြီးကြားလာရတယ်။ အဲဒီအတွက် နောက်တစ်နှစ်စာ ဘယ်လိုလုပ်ကြမလဲဆိုတာ သေချာစီစဥ်ထားပါတယ်။ ဒါတွေကတော့ ဝန်ကြီးဌာနက အဓိကလုပ်ရမယ့်အလုပ်တွေ ဖြစ်ပါတယ်ရှင့်။
RFA ။ ။ ခုလိုဖြေကြားပေးလို့ RFAက ကျေးဇူးတင်ပါတယ်ရှင့်။
ဒေါ်အိသဉ္ဇာမောင် ။ ။ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်ရှင့်။