ကပ်ဘေးကာလမှာ အခြားကဏ္ဍနည်းတူ အကူအညီလိုနေတဲ့ စိုက်ပျိုးရေးကဏ္ဍ

ဇင်မာဝင်း
2020-05-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တရုတ် - မြန်မာနယ်စပ်က ပြောင်းစိုက်တောင်သူတစ်ဦး ပြောင်းတန်ချိန် ဆယ်နဲ့ချီပြီး ရွှေလီမြစ်ထဲကို ၂၀၂၀ မေလ ၁၀ ရက်နေ့ စွန့်ပစ်နေစဉ်။
တရုတ် - မြန်မာနယ်စပ်က ပြောင်းစိုက်တောင်သူတစ်ဦး ပြောင်းတန်ချိန် ဆယ်နဲ့ချီပြီး ရွှေလီမြစ်ထဲကို ၂၀၂၀ မေလ ၁၀ ရက်နေ့ စွန့်ပစ်နေစဉ်။
Photo: Kan Thar / RFA

ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကာလမှာ  ဈေးအနှိမ်ခံရ၊ ဈေးကွက်ပျက်နေလို့ ဆုံးရှုံးနေရတဲ့ တောင်သူတွေရဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာနေပါပြီ။ ပြောင်း၊ ခရမ်းချဉ်၊ ဖရဲ၊ ဂေါ်ဖီထုပ် စတဲ့ ကုန်စိမ်းနဲ့ သီးနှံတွေကို စွန့်ပစ်နေကြတာတွေ၊  စိုက်ခင်းထဲမှာပဲ ပျက်စီးခံလိုက်ရတဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။

ထိခိုက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ကုစားဖို့ဆိုပြီး အစိုးရက ရန်ပုံငွေ ထားပေးထားသလို အစီအမံတွေကိုလည်း ရေးဆွဲထားတာတွေ့ရပါတယ်။

ဒီအစီအမံတွေထဲမှာ တောင်သူတွေအတွက် ထိရောက်မှု၊ ကပ်ဘေးကာလနဲ့ အနာဂတ်  စိုက်ပျိုးရေးကဏ္ဍ အခက်အခဲတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူ၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က တောင်သူ ဦးကိုလေးမောင်၊ စီးပွားရေး လေ့လာသုံးသပ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ) တို့ကို ဆက်သွယ် မေးမြန်းထားပါတယ်။

နယ်စပ်ဂိတ်တွေမှာ ကန့်သတ်ချက်တွေ ရုတ်တရက် ရှိလာတော့  တရုတ်ပြည်ဈေးကွက်ကို အားထားရတဲ့ ဦးကိုလေးမောင်တို့လို ဖရဲစိုက် တောင်သူတွေ အရှုံးပေါ်နေပြီ ကြားတယ်။  အခက်အခဲတွေက ဘာတွေလဲရှင့်။

ဖရဲ‌တွေကို တရုတ်ပြည်ဘက်က ဝယ်လက်ရှိတယ်ဗျ။ ၁၂ ဘီး၊ ၁၆ တန် တစ်စီးမှ မြန်မာငွေနဲ့တွက်ရင် ၁၈ သိန်း၊ ၁၉ သိန်း၊ ပတ်ဝန်းကျင်လောက်ပဲ ရတယ်။ တောင်သူတွေ ဘယ်လိုမှ မကိုက်ဘူးဗျ။ အလုပ်သမားခတွေ၊ ကားခတွေရယ် ဆိုတော့ ကျွန်တော်တို့အတွက်က အကျိုးအမြတ် မရှိဘူး။ ကျွန်တော် ၁၀ ဧက စိုက်တာ ၅ ဧကကို အခင်းထဲမှာပဲ အပုပ်ခံလိုက်ရတယ်။ နောက် ၅ ဧကကိုတော့ ဆင့်ကဲ ဆင့်ကဲနဲ့ စိုက်တော့ အသီးအရည်အသွေး လည်း မှီတယ်၊ အလုံး အရေအတွက်လည်း ၁၆ တန် ပြည့်တယ်။ နောက်ထပ်စိုက်ဖို့ ဆိုတာကတော့ တရုတ် ဝယ်လက် တစ်ခုတည်း မဟုတ်ဘဲနဲ့   အိမ်နီးချင်းနိုင်ငံတွေကလည်း ဝယ်မယ်ဆိုရင် ဆက်စိုက်ဖို့ အဆင်ပြေတာပေါ့။

ဦးကျော်သူရှင့် … လက်ရှိအခြေအနေအရ ကုန်စိမ်းသီးနှံ ဈေးကွက်က ပျက်နေပြီလို့ ပြောရမလား။ အလားအလာ ဘယ်လိုရှိလဲ။

ကိုဗစ် ၁၉ ကြောင့် ဖြစ်တာကတော့ ဇန်နဝါရီလောက်ကတည်းကပါ။   တရုတ်ပြည်မှာ ပိုးစတွေ့ကတည်းက ပြဿနာတက်တယ်။ ပထမဆုံးစတက်တဲ့ သီးနှံက ဖရဲ၊ သခွားပေါ့။ ဇန်နဝါရီလက ဖရဲ၊ သခွား လှိုင်လှိုင် ပေါ်တဲ့အချိန်။ အဲဒီအချိန်မှာ ပုံမှန်ဆိုရင် တရုတ်ကို ကားအစီးရေ ငါးရာနဲ့အထက် သွားတာ။ အဲဒီအချိန်မှာ ဖြစ်တော့ ဖရဲ နဲ့ သခွားမွှေးသမားတွေ စပြီးထိတယ်။ အဲလိုဖြစ်တော့ ကျွန်တော်တို့ မြန်မာပြည်မှာ ပိုးစမတွေ့သေးတော့ ဖေဖော်ဝါရီလထဲမှာ ဖရဲ၊ သခွား ပွဲတော်ဆိုပြီး ရန်ကုန်မှာ လုပ်ပေးလိုက်သေးတယ်။ အဲလိုလုပ်ပေးလိုက်တော့ ထိုက်သင့်သလောက်တော့ ထွက်သွားတယ်။ ဖရဲ၊ သခွားက ပြည်ပပို့ကုန်၊ အဲဒီထဲမှာမှ ဖရဲသီးက တနှစ်ကို တန်ချိန် ရှစ်သိန်းကနေ ကိုးသိန်း အထိ export လုပ်တယ် (ပြည်ပ တင်ပို့တယ်)။ သခွားမွှေးက တနှစ်ကို တန်ချိန် တသိန်းခွဲကနေ နှစ်သိန်းအထိ ပို့တယ်။ အဲဒီသီးနှံတွေကို ပြည်တွင်းမှာ စားတဲ့အားက ကျတော့ အဲဒီလောက်မရှိဘူး။ အဲဒီလောက် မစားနိုင်ဘူးပေါ့။ ဖရဲသီးက နည်းနည်းရောင်းလို့ရသေးပေမယ့် သခွားမွှေးဆိုရင် ဗမာလူမျိုးတွေ စားတာနည်းတယ်။ အဲဒါကြောင့် ဖရဲ၊ သခွားမွှေး က အများကြီးထိတာ။မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူကို တွေ့ရစဉ်

အဲဒီနောက်ပိုင်းမှာ တခြားသီးနှံတွေ အကုန်လုံး ထိလာတယ်။ ခရမ်းချဉ်သီးတို့ ဂေါ်ဖီထုပ်တို့ အာလူးတို့ပေါ့။ အဲဒီသီးနှံတွေက export လုံး၀ မသွားဘူး။ ပြည်တွင်းမှာပဲ ရောင်းတာ။ ဘာကြောင့် ဒီလိုဖြစ်သွားလဲဆိုတော့ ဒီကိုဗစ်ကာလမှာ လူတွေ မစုရဘူးဆိုတော့ အလှူအတန်းတွေ မလုပ်နိုင်ဘူး၊ ဒီပစ္စည်းတွေက အလှူအတန်း တွေမှာ အမြဲသုံးတာ။   စားသောက်ဆိုင်တွေ  ပါဆယ် စနစ်နဲ့ပဲ ရောင်းရတယ်ဆိုတော့ ရောင်းအားတွေ ကျတယ်၊ ဆိုင်မှာ ထိုင်စားသလို အများကြီး မစားကြတော့ဘူး။ အဲဒီတော့ စားသောက်ဆိုင်တွေရဲ့ ဝယ်လိုအားကလည်း ကျတယ်။ အဲဒီတော့ ကုန်သည်တွေကလည်း မဝယ်နိုင်တော့ဘူး။   ညမထွက်ရ အမိန့်တွေနဲ့ သင်္ကြန်ကာလလောက်ကစပြီး ကားတွေ မထွက်နိုင်တော့ဘူး။ အကြောင်းအမျိုးမျိုး စုံသွားတာပေါ့။ အဲဒီတော့ တချို့တောင်သူတွေဆိုရင် ဆေးလည်း မဖြန်းတော့ဘူး၊ ဘာမှလည်း မလုပ်တော့ဘူး၊ ပစ်ထားတဲ့ အခင်းတွေလည်း ရှိတယ်။ အခု ဂေါ်ဖီထုပ်ဆိုရင် (ရှမ်းပြည်နယ်) နောင်တယားဒေသမှာ ဧက ၁၆၀၀ လောက် ရှိတယ်။ အဲဒါတွေကို အဲအတိုင်း လွှင့်ပစ်လိုက်ရ သွန်ပစ်လိုက်ရတာ၊ စိုက်ခင်းထဲမှာ ပစ်ထားလိုက်ရတာ၊ ဘယ်သူ့မှလည်း အကျိုးမရှိဘူး။

အဲတော့ ကျွန်တော်တို့ နောင်တယားက အသင်းဝင်တွေက တောင်သူတွေကို သွားညှိတယ်။ သူတို့ မခုတ်တော့ဘူးဆိုရင် ကျွန်တော်တို့ ကိုယ့်လုပ်အား ကိုယ်စိုက်ထုတ်ပြီး ခုတ်ပါမယ်၊ ခုတ်ပြီးတော့ လှူမယ်ဆိုရင် လက်ခံမလား ဆိုတော့ တောင်သူတွေက လက်ခံတယ် အဲဒါနဲ့ ကျွန်တော်တို့က  ကားခအလှူခံပြီးတော့ ကျွန်တော်တို့ ပို့တယ်။ အများဆုံးက အခု ရန်ကုန်ပေါ့။ ရန်ကုန်မှာ အခြေခံလူတန်းစားတွေကို ဝေပေးတယ်၊ အလှူပေးတယ်။

တောင်သူတွေရော ကုန်သည်အသင်းတွေရောဘက်က အခက်အခဲတွေကို ကြားခဲ့ရပြီဆိုတော့  အစိုးရရဲ့ အစီအမံတွေထဲမှာ စိုက်ပျိုးရေး ကဏ္ဍအတွက် ထည့်သွင်း စဉ်းစားချက်တွေက ဘယ်လိုရှိလဲ၊ ဦးသန်းစိုး သုံးသပ်ပေးပါဦး။

U Than Soe-305.jpgလယ်ယာထွက်ကုန် သီးနှံဈေးကွက်တွေ ကစဉ့်ကလျားဖြစ်နေတာ စိတ်မကောင်းဖြစ်တာပေါ့။ ဒီလိုကာလမှာ တောင်သူလယ်သမား တွေရဲ့ အခက်အခဲနဲ့ အကျပ်အတည်းကိုတော့ လက်တွေ့အပိုင်းကို ဘယ်လိုလုပ်ကြမလဲ ဆိုတာမျိုးကို ဖော်ပြထားတဲ့ အခန်းကဏ္ဍ နည်းတယ်။ ဒါ တချက်ပေါ့နော်။ ဒုတိယတချက်က အစိုးရက မကြာခင်က ဘီလီယံ ၁၀၀ ထောက်ပံ့ငွေ ပေးတဲ့အထဲမှာ အခုဆိုရင် နှစ်သုတ်ဖြစ်သွားပြီ ထင်တယ်။ သုံးသုတ်လောက်ကို ရောက်နေပြီ။ အကျပ်အတည်းဖြစ်နေတဲ့ တောင်သူတွေကို တိုက်ရိုက် ထောက်ပံ့တဲ့ အစီအစဉ်က ဖြစ်သင့်တာပေါ့နော်။ ဒါပေမဲ့ အဲဒီတုန်းက ထောက်ပံ့ ခဲ့တာမှာ နံပတ် ၁ က အထည်ချုပ် လုပ်ငန်းတွေ၊ နံပတ်နှစ်က ခရီးသွားလုပ်ငန်း၊ နံပတ်သုံးက SME ပေါ့၊ ဒီကဏ္ဍ သုံးခုကို ထောက်ပံ့ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့ အကျပ်အတည်းကတော့ ခုနပြောတဲ့ တောင်သူတွေ ဈေးကွက်ပျက်ပြီး ကစဉ့်ကလျား ဖြစ်နေတဲ့ ပြဿနာပေါ့။

ဒီကုန်စည်တွေက အကြာကြီး သိုလှောင်ထားလို့မရဘူး၊ ပုပ်သိုးသွားတာ။ သီးနှံဈေးကွက်ကြီးထဲမှာ  ကုန်သည်ပါမယ်၊ စားသုံးသူ ပြည်သူလူထု ပါမယ်၊ စိုက်ပျိုးတဲ့ တောင်သူလယ်သမားတွေ ပါမယ်၊ လုပ်ငန်းရှင်တွေ ပါမယ်။ အဲဒီ တစ်ခုလုံးကြီးကို စဉ်းစားပြီးတော့ မြန်မြန်ဆန်ဆန် ကူညီပေးသင့်ပေါ့နော်။ အခုကျွန်တော်တို့ တွေ့နေရတာကတော့ ပထမအကြိမ်မှာ ၁၃ ဘီလီယံလောက် ပေးခဲ့တယ် ဒုတိယအကြိမ်မှာ ၁၄ ဘီလီယံ ပေးခဲ့တယ်။ ဒါပေမဲ့ ခုနတုန်းက ပြောတဲ့ တောင်သူတွေ ဈေးကွက်ပျက်သွားတာကို ဘယ်လို တိုက်ရိုက် ပံ့ပိုးမလဲဆိုတဲ့ အစီအစဉ်ကိုတော့ ကျွန်တော်လည်း မကြားရသေးဘူး။ ခုန ဖရဲစိုက်တောင်သူတွေ တရုတ်ပြည်ကပေးတဲ့ ဈေးအတိုင်း မကိုက်ဘူးဆိုရင် လက်ရှိအချိန်မှာ အစိုးရက ဘာလုပ်ပေးသင့်လဲ ဆိုတော့ သူတို့ (တောင်သူ) ကိုက်တဲ့အထိ ဈေးနှုန်းကို ထိုက်သင့်တဲ့ ပမာဏကို အစိုးရက စီစဉ်ပေးရမယ်။ အစိုးရက ထောက်ပံ့တယ်ဆိုတာ နှစ်ခု ရှိတယ်။ နံပတ် ၁ က စိုက်တဲ့ တောင်သူလယ်သမားတွေ အရှုံးကာမိအောင် ဝိုင်းဝန်းထောက်ပံ့ပေးရတယ်၊ ဒါက လတ်တလော။ နောက်တစ်ပိုင်းက နောက်ကာလမှာ စိုက်မယ့် ကုန်ကြမ်းတွေ၊ လုပ်အားခတွေ ဘာတွေကိုလည်း ထောက်ပံ့ပေးရမယ်။ အစိုးရက အဲဒီနှစ်ခုကို တခါတည်း ထောက်ပံ့မှု ပေးမှသာ ဒီကဏ္ဍမှာ အဆင်ပြေမှာ။ ဒီအကျပ်အတည်း ကာလမှာ အရင်ဆုံး ရှင်းရမယ့် ပြဿနာက အခြေခံ စားသုံးကုန်စည်ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို သီးခြားအစီအစဉ်နဲ့ အစိုးရက လုပ်ပေးမှသာ တချို့နေရာတွေမှာ ကုန်စည် ပြတ်လပ်တာတွေ၊ တချို့နေရာတွေမှာ ကုန်ဈေးနှုန်း ကမောက်ကမ ဖြစ်တာတွေကို ရှောင်ရှားလို့ရမယ်။

အစိုးရက ဂေါ်ဖီ၊ သခွားမွှေး၊ ခရမ်းချဉ် ကုန်စည် သွားတာတွေကို သီးခြား ခွင့်ပြုချက်နဲ့ ခွင့်ပြုပေးရမယ်။ ဒါက ဥပဒေပိုင်းဖြစ်သွားပြီပေါ့နော်၊ ခုန ထောက်ပံ့ပေးတာက ငွေအပိုင်းပေါ့။ အဲဒီလိုမျိုး ဒီပြဿနာတစ်ခုလုံးကို ခြုံပြီး ဖြေရှင်းပေးနိုင်မှသာ လက်ရှိအခြေအနေကနေ ကျော်လွှားလို့ရမှာ။ လယ်ယာကဏ္ဍမှာ သွားပြီး မကူညီ ပေးဘူးဆိုရင် ထုတ်လုပ်မှုတွေမှာလည်း ပြဿနာတက်မယ်။ ဈေးကွက်လည်း ပြဿနာ တက်တယ်၊ လူတွေမှာလည်း အလုပ်လက်မဲ့ဖြစ်တယ်။ တိုင်းဒေသကြီးတွေမှာလည်း ကုန်စည် ပြတ်လပ်မှု ရှိတယ်။ ဒီလိုပြဿနာပေါင်း သောင်းခြောက်ထောင်က လယ်ယာကဏ္ဍမှာ ရှိတာ။ ခုနပြောတဲ့ CMP ခရီးသွားတို့ SME တို့က အလုပ်လက်မဲ့ပြဿနာကို ထိခိုက်တာပဲရှိတာ ကျန်တဲ့ဟာတွေ အများကြီးထိခိုက်တာ မရှိဘူး။ ဘာလို့ဆို လူတွေက ဘယ်မှ မသွားရ၊ မလုပ်ရဘဲ အိမ်မှာ ထိုင်စားကြပါဆိုတော့ လူဦးရေသန်းငါးဆယ် ထိုင်စားရမယ့် စားနပ်ရိက္ခာကိုပဲ စဉ်းစားရမှာ။ ဒါမျိုးကို အစိုးရက စဉ်းစားပေးရမှာ။

ဒီကာလက ဘယ်လောက်ထိ ကြာမယ်မသိတော့ ဦးကျော်သူတို့ အသင်းအဖွဲ့ အစည်းတွေဘက်က ပြင်ဆင်ထားတာတွေကရော ဘယ်လိုရှိလဲ။

အစိုးရ ပထမဦးဆုံးချတဲ့ ဘီလီယံ ၁၀၀ က ကျွန်တော်တို့ စိုက်ပျိုးထုတ်လုပ်သူတွေ အပိုင်းမှာတော့ ဘယ်ဟာမှ အကျုံးမဝင်ဘူးဖြစ်နေတယ်။ SME မှာ အကျုံးဝင်တယ်လို့ ပြောလို့ရပေမယ့်လို့ သတ်မှတ်ချက်တွေက လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမရှုံးရဘူးတို့၊ အခွန်ဆောင်ထားတာ ဖြစ်ရမယ်၊ ပိုက်ဆံရတာနဲ့ ပြန်ပြီး လုပ်နိုင်ရမယ်တို့၊ အလုပ်သမား လုပ်အားခ ပေးတာနဲ့ ဒီလုပ်ငန်း လည်ပတ်ဖို့အတွက်ပဲ သုံးရမယ်၊ တခြားဟာ မသုံးရဘူးတို့။ ကျွန်တော်တို့ ဖြစ်တဲ့ ပြဿနာက အဲဒါ မဟုတ်ဘူး။ ဒါက ခုန ဆရာဦးသန်းစိုး ပြောသလိုပဲ အလုပ်လက်မဲ့ကို ရှင်းတဲ့ပြဿနာ။ ကျွန်တော်တို့ဖြစ်တဲ့ပြဿနာက အဲဒါမဟုတ်ဘူး၊ ဒီမှာ သီးနှံတွေက ပုံနေပြီ။

အဲဒီသီးနှံကို ဝယ်မယ့်သူ မရှိဘဲ ရောင်းမယ့်သူတွေပဲ ရှိတဲ့ ပြဿနာ။ သူတို့သတ်မှတ်ချက်တွေသည် ကျွန်တော်တို့နဲ့ ဘောင်မဝင်ဘူး။ အဲဒီတော့ ကျွန်တော်တို့ သီးနှံကဏ္ဍက လူတော်တော်များများ အဲဒီထဲမှာ မလျှောက်နိုင်ဘူး။ ဂေါ်ဖီထုပ်တို့ ဘာတို့ ဖြစ်နေတာဆိုရင် ဒါမျိုးကို သိန်း ၁၂၀၀ လောက် ထုတ်ပေးလိုက်ရင် ဖြေရှင်းလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသင်းအဖွဲ့တွေက အဲဒီလောက် မတတ်နိုင်ဘူး။ မတတ်နိုင်တော့ ဘာမှလုပ်လို့မရဘူး။ တကယ်လို့ အစိုးရကသာ ဝင်လုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့ လွယ်လွယ်ကူကူ ဖြေရှင်းလို့ရတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ အသင်းတွေဘက်က လုပ်နိုင်တဲ့ဟာအားလုံးကို ပြင်ဆင်ပြီး လုပ်နေတယ်။    နောက်ပြဿနာတစ်ခုက အခုအချိန်မှာ အာလူးဆိုရင် တရုတ်ပြည်ဘက်ကနေ အများကြီး ဝင်လာတယ်လို့ အာလူးအစုအဖွဲ့က ကျွန်တော်တို့ကို ပြောတယ်။

ကျွန်တော်တို့က  ကိုယ့်ပြည်တွင်းက ထုတ်ကုန်တွေကို ထွက်ဖို့ လုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ ပြည်တွင်းကို အတားအဆီးမရှိ ဝင်လာတယ်။ အဲဒီဝင်လာတာတွေက တရားဝင် ဝင်လာတာတွေလား၊ သို့မဟုတ် တရားမဝင် ဝင်လာတာတွေလား ကျွန်တော်တို့ မသိဘူးပေါ့နော်။ တရားဝင် ဝင်လာတာဆိုရင် ကျွန်တော်တို့ တောင်သူတွေကို အကာအကွယ်ပေးဖို့ ဘယ်လိုလုပ်မလဲ၊ တကယ်လို့ တရားမဝင်ဆိုရင် ပိုဆိုးပြီပေါ့နော်။ ဒါတွေကို ဘယ်လို တားဆီးမလဲပေ့ါ။ စီးပွားကူးသန်းကိုလည်း ဒီအာလူးကိစ္စ တင်ပြထားတယ်။ အခုချိန်မှာ ကျွန်တော်တို့က ကိုဗစ်မဖြစ်ခင်ကာလက မတူတဲ့ပုံစံတစ်ခုနဲ့ သွားရမယ်။ ကိုဗစ်ဆေး မပေါ်မချင်းမှာတော့ လူတွေက ခပ်ခွာခွာနေတာတို့၊ ခရီးသွားဆင်ခြင်တာတို့၊ Mask တပ်တာတို့၊ လက်ဆေးတာတို့ ဖြစ်နေဦးမှာပဲ။ အဲတော့ လူတွေက ဈေးတွေမှာ ကြိတ်ကြိတ်တိုးဝယ်တာတို့၊ စီးတီးမတ်မှာ လူတွေအတန်းလိုက်ကြီး တန်းစီပြီး ဝယ်တာတို့ နည်းနေဦးမှာပဲ။ Home stay နေလိုက်တဲ့ ကာလမှာ အထူးသဖြင့် ရန်ကုန်မြို့ပေါ့နော် လူတွေက ဘာဖြစ်လာလဲဆိုတော့ အွန်လိုင်းပေါ်ကနေဝယ်တယ်၊ ဒလီဗာရီနဲ့ ပို့တဲ့ဟာတွေမှာ သာယာမှုဖြစ်သွားတယ်။

အဲဒီပေါ်မှာလည်း တော်တော်များများ သုံးစွဲလာကြတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့လည်း အွန်လိုင်းပေါ် တက်ပြီး သရက်သီးတို့ ဘာတို့ ရောင်းတာရှိတယ်။ အဲဒါလည်း တော်တော်လေး အဆင်ပြေတာတွေ့ရတယ်။ အဲဒါကြောင့် မိုဘိုင်း app တစ်ခုကို အသင်းက လုပ်နေတယ်။ မကြာခင်ရက်ပိုင်းအတွင်း တင်နိုင်မှာပါ။ အဲဒါကို google play store မှာရော apple  store မှာရော နှစ်ခုလုံးမှာ တင်မှာပါ။ အဲဒီမှာ E commerce အဆင့်ထိ ရောက်အောင် ကျွန်တော်တို့ သွားပါမယ်။

ဝယ်တဲ့လူတွေလည်း လွတ်လွတ်လပ်လပ်နဲ့ ဖုန်းနံပတ်တစ်ခုရှိရုံနဲ့ Facebook အကောင့်တစ်ခုရှိရုံ၊ အီးမေးလ်အကောင့်တစ်ခု ရှိရုံနဲ့ လက်တင်လေး ဝယ်လို့ရတယ်။ ရောင်းတဲ့သူတွေကတော့ ကျွန်တော်တို့ အသင်းဝင်တွေကို ရည်ရွယ်တာပါ။ အသင်းဝင် မဟုတ်သေးရင်လည်း အသင်းဝင်ပြီး ရောင်းလို့ရတယ်။ ရောင်းတဲ့လူရော ဝယ်တဲ့လူရော အခကြေးငွေမကောက်ပါဘူး။ ရေရှည်မှာလည်း နိုင်ငံခြား export ကိုလည်း အွန်လိုင်းကနေ ရောင်းဖို့ပေါ့၊ စီးပွားကူးသန်း  Myanmar International Trade Center နဲ့လည်း ကျွန်တော်တို့ ချိတ်ဆက်ထားပါတယ်။   လေလံတင်ပြီး ရောင်းနိုင်တဲ့အထိဖြစ်အောင် ရေရှည်စီမံကိန်းတွေ စီစဉ်ထားပါတယ်။ 


ဦးကိုလေးမောင်တို့မှာ တခြား ဘာပြဿနာရှိသလဲ၊ တောင်သူတစ်ယောက်အနေနဲ့   အစိုးရဆီကနေ ဘာအထောက်အပံ့တွေ မျှော်လင့်သလဲ။U Ko Lay Maung-305.jpg

ဘာပြဿနာရှိလဲဆိုတော့ တရုတ်သီး ကွင်းထဲလည်း ရောက်ပြီ၊ အသီးလည်း ရောင်းပြီးပြီ၊ ဈေးလည်း ပြတ်ပြီးပြီ၊ နှစ်ရက် ကြာတယ်၊ သုံးရက် ကြာတယ်၊ (တခြား ကားထဲ၊ ကွန်တိန်နာထဲကို) အသီး မလှယ်သေးဘူး၊ သုံးလေးရက်ကြာတော့ အသီးလည်း လှယ်လည်း ပြီးသွားရော (မလတ်ဆတ်တော့ဘူးဆိုပြီး) လေးတန် ပယ်တယ်၊ ငါးတန် ပယ်တယ်၊ ကျွန်တော့်အသိ တောင်သူတစ်ယောက်ဆို ခုနှစ်တန်အထိ အပယ်ခံရတယ်။ ဒါ ဘာကြောင့်လဲပေါ့။

အားလုံးမှာ ဖြစ်ပျက်နေတာ ဆိုတော့ အထောက်အပံ့လည်း ရလိမ့်မယ်လို့ မထင်ပါဘူး။ တစ်ခုတော့ ရှိတယ်၊ ကျွန်တော်တို့ တောင်သူတွေ ဆိုရင် ချေးငွေတွေပေါ့ အခုချိန်မှာ တောင်သူတွေက ဝင်ငွေ အဆင်မပြေတော့ ဒီဟာလေးတွေကို နှစ်လတန်သည် ခြောက်လတန်သည် နောက်ဆုတ်ပေးမယ် ဆိုရင်တော့  အဲဒီလို အထောက်အပံ့မျိုးကိုတော့ မျှော်လင့်မိတာပေါ့။ မိုးစပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ပဲစင်းငုံပေါ့ ဒါတွေစိုက်တယ်၊ ဒီတောင်သူတွေ တယောက်မှ အဆင်ပြေသူ မရှိဘူး၊ အခုက ဆပ်ချိန်က ရောက်နေပြီ။ ဒါလေးတွေကတော့ အခက်အခဲ ရှိတာပေါ့။  

အထိနာခဲ့တဲ့ စိုက်ပျိုးရေးကဏ္ဍကို အစိုးရ စီမံခန့်ခွဲမှု အားနည်းခဲ့ရင် ကိုဗစ်အလွန်ကာလမှာ ဘယ်လို သက်ရောက်မှုရှိသွားမလဲ ဆရာဦးသန်းစိုးရှင့်။

ကျွန်တော်တို့ ပြည်သူ ၇၀ ရာခိုင်နှုန်းလောက်က လယ်ယာကဏ္ဍမှာ မှီတည်နေတာပေါ့နော်။ ဒါကြောင့်မို့ ဒီကဏ္ဍကြီးတစ်ခုလုံးကို မြေတောင်မြှောက်ပေးရမယ်၊  ဦးစားပေးကဏ္ဍအနေနဲ့ ထားပေးရမယ်၊ ဒါတွေက အစိုးရကဏ္ဍ။ အခု တရုတ်မှာကားအစီးရေ ရာနဲ့ချီ ရပ်ထားရတယ်။ အဲဒီကိစ္စက တဘက်နိုင်ငံရဲ့ ကိုဗစ်ကြောင့် ဖြစ်တဲ့မူဝါဒချတဲ့ ကိစ္စလား။ ဒါမှမဟုတ် တဘက် သူတို့ကုန်သည်တွေဘက်က ဈေးကစားတဲ့ ကိစ္စလား။ အဲဒါတွေလည်း ကျွန်တော်တို့ ပြန်ကြည့်ဖို့လိုတယ်။ ခုန တောင်သူညီလေး ပြောတယ်၊ အသီးတွေ ဝယ်ပြီးပြီ၊ သူတို့ ကွန်တိန်နာမှာ လေးငါးရက်လောက် ပစ်ထားလိုက်တယ်။ တကယ်လည်း ပစ္စည်းတွေ ချိန်လိုက်ရော ငါးတန်၊ ခြောက်တန်လောက်က ပုပ်သွားတယ်၊ အဲဒီတော့ မယူတော့ဘူး။ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ဒါတွေက လူလုပ်တဲ့ ပြဿနာလား၊ ပေါ်လစီကိစ္စလား ကျွန်တော်တို့ ကြည့်ရမယ်။

အများသောအားဖြင့် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးကိစ္စ တော်တော်များများမှာ ပြဿနာဖြစ်လာမှ ကျွန်တော်တို့က ထထ ဖြေရှင်းတယ်၊ တကယ်က အဲဒီပြဿနာ မဖြစ်အောင် ဘယ်လိုလုပ်ထားရမလဲပေါ့၊ မူဝါဒတွေ အဓိကထားရမှာပေါ့နော်။ နောက်ပြီးတော့ ဒီကိုဗစ်ကာလမှာ နံပတ်တစ်က ထွက်လာတဲ့ ကုန်ပစ္စည်းကို ဈေးနှိမ်ခံရပြီးတော့ ရောင်းရတယ်၊ တချို့ကုန်ပစ္စည်းတွေကျတော့ ဘယ်မှာရောင်းရမှန်း မသိတာ၊ ရောင်းလို့ရှိရင်လည်း သယ်ယူပို့ဆောင်မယ်ဆိုရင်လည်း အခက်အခဲတွေရှိတယ်။ တတိယပြဿနာက ခုနအခက်အခဲတွေကြောင့် အရှုံးပေါ်တဲ့ပြဿနာ။ အရှုံးပေါ်တဲ့အတွက်  သီးနှံတွေကို တစ်ဧက ဘယ်လောက်ဆိုပြီး ချေးပေးတဲ့ ချေးငွေတွေကို တချို့နိုင်ငံတွေမှာလည်း ကျင့်သုံးပါတယ်။

စပါးတွေ၊ ပြောင်းတွေ၊ နှမ်းတွေ၊ ငရုတ်တွေ၊ ခရမ်းချဉ်တွေကို မစိုက်ဘဲနဲ့ လုပ်လို့မရဘူး။ အဲဒါ ကျွန်တော်တို့အတွက် ရွေးချယ်စရာ မရှိဘူး။ အဲဒီလိုရွေးချယ်စရာ မရှိတဲ့ ကဏ္ဍကို အစိုးရအနေနဲ့ ဦးစားပေးကဏ္ဍအဖြစ် ထားပြီးတော့ အလျင်အမြန် ဖြေရှင်းရမယ်။ ဒီလိုမှမဟုတ်ရင်တော့ နည်းနည်းလေး ခက်သွားလိမ့်မယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့