လူ့အခွင့်အရေးအဖွဲ့ HRW နဲ့ ဆက်သွယ်မေးမြန်းခြင်း

မိုးမြင့်
2020-10-10
Share

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့  (HRW) က အောက်တိုဘာလ ၉ ရက်နေ့က ထုတ်ပြန်တဲ့ စာမျက်နှာ ၁၆၉ မျက်နှာပါ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်း၂၄ ခုမှာ  ရိုဟင်ဂျာ ၁၃၀၀၀၀ ကျော်ဟာ အကျယ်ချုပ် ကျခံရသလို ဖြစ်နေတာ ရှစ်နှစ်ကြာပြီလို့ ဖော်ပြထားပါတယ်။ ဒုက္ခသည်တွေရဲ့ နေထိုင်ဖို့ မသင့်လျော်တဲ့ စခန်းတွေရဲ့ အခြေအနေ၊ အစိုးရရဲ့ စီမံခန့်ခွဲပေးမှု၊ အကူအညီပေးရေး အဖွဲ့တွေ ရင်ဆိုင်နေရပုံ၊ နေရပ်ရင်းမှာ ပြန်လည်နေထိုင်ခွင့် စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဒုက္ခသည် ၆၀ ကျော်ရဲ့ ပြောဆိုချက်အပေါ် အခြေခံ ပြုစုထားတဲ့ အစီရင်ခံစာလို့ ဆိုပါတယ်။

HRW အဖွဲ့ရဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson ကို RFA သတင်းထောက် ကိုမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA - HRW ရဲ့ နောက်ဆုံးထုတ်အစီရင်ခံစာမှာ ရခိုင်ပြည်နယ် စစ်တွေက ရိုဟင်ဂျာတွေရဲ့အခြေအနေတွေက စနစ်တကျ အသားရောင်ခွဲခြားဆက်ဆံမှု၊ လူမျိုးသုဉ်းရှင်းလင်းမှု စသဖြင့် သုံးထားတာ တွေ့ရပါတယ်။ အဲဒီအသုံးအနှုန်းတွေက မြေပြင်က တကယ့်အခြေအနေနဲ့ ဘယ်လောက် နီးစပ်မှု ရှိပါလဲဗျ။

HRW- ရိုဟင်ဂျာတွေအတွက် တကယ့် အခြေခံ အဆောက်အအုံတွေကို ဆောက်လုပ်ပေးထားတာက တစ်နှစ်၊ နှစ်နှစ်အတွက်ပဲ ဆောက်ထားတာ ဖြစ်ပါတယ်။ ရခိုင်မှာ အခု ဒီအဆောက်အအုံတွေက ရှစ်နှစ် ကြာသွားခဲ့ပါပြီ။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းတွေ၊ တခြား အခြေခံဝန်ဆောင်မှုတွေ ဖြစ်တဲ့ ကျန်းမာရေးနဲ့ ပညာရေးတွေလည်း ကန့်သတ်ခံထားရတာပါ။ နိုင်ငံတကာ အဖွဲ့အစည်းကြီး တစ်ခု ဖြစ်တဲ့ နိုင်ငံတကာကြက်ခြေနီ (ICRC) က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ တီဘီရောဂါကြောင့် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲမှာ သေဆုံးတဲ့ဖြစ်ရပ်တွေဟာ သာမန် အရပ်သား ရပ်ကွက်တွေမှာထက် ကိုးဆ မြင့်တက်နေတာ တွေ့ရှိခဲ့ရပါတယ်။ အခု ကျနော်တို့ ပြောနေတာက ရိုဟင်ဂျာဖြစ်တည်မှုကြောင့် ဆုံးရှုံးရတဲ့ လူတွေရဲ့အသက်တွေ၊ အန္တရာယ်တွေအကြောင်း ဖြစ်ပါတယ်။  သူတို့ကို အဲဒီဒုက္ခသည်စခန်းတွေထဲမှာ ပိတ်လှောင်ထားပြီးတော့၊ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်မှုတွေကို စနစ်တကျ ဆောင်ရွက်တဲ့ ကိစ္စတွေဟာ နိုင်ငံတကာရာဇဝတ်မှုခင်း ဖြစ်လာပါတယ်။

RFA- အဲဒီတော့ ဒုက္ခသည်စခန်းထဲက လူတွေဟာ တီဘီရောဂါအပြင် တခြားရောဂါတွေလည်း ကူးစက်ခံရမယ့် အခြေအနေတွေ ဖြစ်နေတယ်လို့ ဆိုလိုတာပါလား။

HRW - စခန်းတွေမှာ တခြားရောဂါမျိုးစုံ ပြန့်နေတာတွေက အများကြီးပါ။ သူတို့က အဓိက အခြေခံကျန်းမာရေး ဝန်ဆောင်မှုတွေလည်း မရကြလို့ပါ။ အမျိုးသမီးတွေ အများကြီး ကလေးမွေးဖွားဖို့ ဆေးရုံ၊ ဆေးခန်းတွေ မရောက်ကြပါ။ ကလေးမွေးရင်းနဲ့ မီးတွင်းထဲ သေဆုံးကြရတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိပါတယ်။ နောက်ပြီး မွေးကင်းစကလေးတွေ ဖျားနာပြီး သေဆုံးကြရတာတွေလည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကိုယ်ရည်သန့်ရှင်းမှု စံချိန်စံညွှန်းပြည့်မီတဲ့ ကျန်းမာရေးဝန်ဆောင်မှု အဲဒီ ဒုက္ခသည်စခန်းတွေမှာ မရရှိကြလို့ပါ။

RFA - ဒါပေမဲ့ အာဏာပိုင်တွေ ပြောတာကတော့ ရိုဟင်ဂျာတွေက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကျန်းမာရေး ဝန်ဆောင်မှုတွေ ရကြတယ်လို့ ပြောတာရှိပါတယ်။ ဆိုတော့ သူတို့ပြောတာနဲ့ ခင်ဗျား မြေပြင်မှာ တွေ့ရတဲ့အချက်က လုံးဝမတူဘူးလို့ ဆိုလိုတာပါလား။

HRW - စခန်းထဲမှာရှိတဲ့ ရိုဟင်ဂျာတွေက စစ်တွေဆေးရုံကို သွားချင်တဲ့အခါမှာ ဒေသအာဏာပိုင်တွေဆီကနေ သွားလာခွင့်ပါမစ် တောင်းရပါတယ်။ ပုံမှန်အားဖြင့် ဒါက ပေးလေ့ မရှိပါဘူး။ ပြီးတော့ အဲဒီပါမစ်ရဖို့ ရဲနဲ့ တခြား လုံခြုံရေးတပ်ဖွဲ့တွေကို ငွေကြေးပမာဏ တစ်ခုအထိ လာဘ်ထိုး ရပါသေးတယ်။ တကယ်လို့ ဆေးရုံကို ရောက်လာရင်တောင် သူတို့ကို သာမန် ရခိုင်အရပ်သားတွေကို ကုသတဲ့ ကုသဆောင်မှာ ပေးမကုပါဘူး။ ဝန်ဆောင်မှုကလည်း အများကြီးကွာတဲ့ အဆောင်မှာ ခွဲထားပါတယ်။ ဆေးကုသခွင့်ရတဲ့ လူအရေအတွက်ကလည်း လက်ချိုးရေလို့ ရပါတယ်။ ရိုဟင်ဂျာတွေအတွက် ကျန်းမာရေးဝန်ဆောင်မှု ရှိတယ်လို့ မြန်မာအစိုးရက ပြောနေတာဟာ လိမ်နေတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး ဘယ်ကိစ္စမဆို မြန်မာအစိုးရလုပ်တာ မဖြစ်စလောက်ပဲ ရှိပါတယ်။ သူတို့ကို ကူညီနေတာဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ ဂအဖွဲ့အစည်းတွေကပဲ လိုအပ်တဲ့ အစားသောက်နဲ့ ကျန်းမာရေးဝန်ဆောင်မှု အနည်းငယ် ပေးနေတာ ဖြစ်ပါတယ်။ အဲဒီလို ကူညီနေတဲ့ အဖွဲ့စည်းတွေကိုတောင် အစိုးရက လိုက်ပြီး ပြဿနာ ရှာပါသေးတယ်။ ပြည်ထောင်စုအဆင့်မှာရှိတဲ့ အစိုးရအဖွဲ့နဲ့ ပြည်နယ်အစိုးရတွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ အသားရောင်ခွဲခြားတဲ့ ဖိနှိပ်ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိပါတယ်။ ပြီးတော့ ဒီအရာရှိတွေကို စုံစမ်းစစ်ဆေးပြီးတော့၊ တရားစွဲဆိုမှုတွေ ပြုလုပ်သင့်ပါတယ်။

RFA - စစ်တမ်းမှာ ဖြေဆိုထားတဲ့သူတွေကို ဘယ်လိုနည်းတွေနဲ့ အင်တာဗျူးခဲ့တာပါလဲ။ ပြီးတော့ တကယ်လို့ လူချင်းတွေ့တာ မဟုတ်ဘဲ လုပ်ခဲ့တာဆိုရင် ဖြေဆိုတဲ့သူတွေက ဘယ်လောက်အထိ ယုံကြည်ရပါသလဲ။

HRW - သေချာတာ တစ်ခုကတော့ ဒုက္ခသည်စခန်းထဲမှာ ရှိနေတဲ့သူတွေနဲ့တော့ ကျနော်တို့ ဖုန်းနဲ့ပဲ လုပ်နိုင်ခဲ့ပါတယ်။ တချို့လူတွေ ကျတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီလူတွေကိုတော့ လူချင်း တွေ့ဆုံ မေးမြန်းခဲ့တာပါ။ နောက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းက တာဝန်ရှိသူတွေကို ရန်ကုန်နဲ့ တခြားနေရာတွေမှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ကျနော်တို့ကို ရခိုင်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခွင့် ပေးမထားတော့ တခြားနည်းတွေကို သုံးပြီး အဲဒီစခန်းတွေမှာ ဘာတွေဖြစ်နေလဲဆိုတာ စုံစမ်းဖို့ စစ်တမ်း ကောက်ယူခဲ့ရပါတယ်။

RFA - တချို့တွေ ပြောကြတာက ရခိုင်နဲ့ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းနှစ်ခု သဟဇာတ ဖြစ်လာဖို့ အချိန်ယူရဦးမယ်၊ တချို့ကျ ပြန်တော့လည်း လုပ်ရမယ့် အချိန်တန်ပြီ၊ အခုလုပ်ရမယ် ဆိုတာမျိုးပေါ့လေ။ ဒီအပေါ် ခင်ဗျားရဲ့အမြင်က ဘယ်လိုရှိပါသလဲ။  

HRW- တကယ်တမ်း ပြောရမယ်ဆိုရင် အစိုးရက ဒီအသိုင်းအဝိုင်းနှစ်ခု ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးလုပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ လူ့အခွင့်အရေး မြှင့်တင်ဖို့လည်း ပျက်ကွက်ပါတယ်။ အစိုးရရဲ့ ဒုက္ခသည်စခန်းပိတ်သိမ်းရေးအစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လေ့လာကြည့်တဲ့အခါ စိတ်ဝင်စားစရာကောင်းတဲ့ ရမ်းဗြဲကိစ္စကို တွေ့ပါတယ်။ အဲဒါက မြန်မာနိုင်ငံက တရားဝင် အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာပါဝင်တဲ့ ကမန်တိုင်းရင်းသား မွတ်စလင်တွေ ဖြစ်ပါတယ်။ သူတို့က သူတို့မူလနေရပ်ကို ပြန်ချင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ အစိုးရက ရခိုင်တွေကြောင့် သူတို့ပြန်လာခွင့် ပြုမယ်မထင်ဘူး ဆိုပြီးတော့ အဲဒီလူတွေကို အကုန်လုံး ကားပေါ်တင်ပြီး ရန်ကုန်ကို ပို့လိုက်တော့တာပါပဲ။ ဒါက ဘာကိုပြသလဲဆိုတော့ မြန်မာအစိုးရက ပေးထားတဲ့ ကတိကဝတ်ကို အကောင်အထည်ဖော်ဖို့ နိုင်ငံရေးစိတ်ဆန္ဒ မရှိဘူးဆိုတာ ပေါ်လွင်တာပါပဲ။ အဲဒီတော့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းကို ပြောချင်တာကတော့ မြန်မာအစိုးရကို ဖိအားဆက်ပေးဖို့ပါ။ ကမန်နဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ကျူးလွန်တဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှု၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်တဲ့သူတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး တရားစွဲဆိုသင့်ပါတယ်။

RFA - မြန်မာ ပြောတာကတော့ တကယ်လို့ စခန်းတွေပိတ်လိုက်ပြီးတော့ မူလနေရပ်တွေမှာ ရိုဟင်ဂျာတွေကို ပြန်ထားရင် မမျှော်လင့်တဲ့ ခိုက်ရန်ဖြစ်ပွားမှု ပြဿနာတွေ ကြုံလာမှာစိုးလို့ မထားတာလို့ ဆိုပါတယ်။ ဒီအမြင်ကို သဘောတူပါသလား။

HRW - သဘောမတူပါဘူး။ သူတို့လုပ်နေတာတွေက စခန်းကို ပိတ်တာလောက်ပါပဲ။ ပြီးတော့ ဘယ်မှ သွားလာခွင့်တွေ မပေးဘူး။ အဲဒီတော့ စခန်းတွေ တကယ်တမ်း ပိတ်တာလည်း မဟုတ်ပါဘူး။ သူတို့လုပ်တာက အနီးတဝိုက်က နေရာမှာ အိမ်တွေအသစ်ဆောက်ပြီး နေရာပြန်ချတာပါ။ အဲဒါကို စခန်းပိတ်တယ်လို့ သူတို့ဆိုနေတာပါ။ အဲဒါက တကယ့်ဟာသပါပဲ။ တကယ်ဖြစ်သင့်တာက ဒီလူတွေ မူလနေရပ်ကို ပြန်နိုင်တဲ့အခြေအနေ ဖန်တီးပေးဖို့ပါပဲ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့