တီးတိန်မြို့ ဟိုင်မွာလ်ရွာက နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ခံရ

ချင်းပြည်နယ် မြောက်ပိုင်း မြန်မာ - အိန္ဒိယနယ်စပ် တီးတိန်မြို့နယ် ဟိုင်မွာလ်ရွာက နေအိမ်အနည်းဆုံး ၁၀ လုံးကို ဩဂုတ်လ ၁၄ ရက် မနေ့ညနေပိုင်း စစ်ကောင်စီတပ် သားတွေ မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရိခေါ်ဒါရ်မြို့ဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ၀င်ရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရိခေါ်ဒါရ်မြို့ကနေ စစ်ကောင်စီတပ်သားတွေ ဩဂုတ်လ ၁၂ ရက်နေ့မှာ ဟိုင်မွာလ်ရွာ ဘက်ကို တက်လာတယ်။ ဒေသခံတွေကတော့ ရှောင်ကြတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ခန့်မှာ လူနေအိမ်တွေ မီးရှို့တယ်။ အိမ်ခြေကတော့ ၁၀ အိမ်ထက်မနည်း ဖြစ်မယ်။ အတိအကျတော့ မသိနိုင်သေးဘူး"

ဩဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေမျိုးပိုင် အပါ အဝင် ငါးဦး သေဆုံးခဲ့သလို တပ်သားလေးဦးလည်း လက်နက်မဲ့ လာပူးပေါင်းတယ်လို့ ကာကွယ်ရေးအဖွဲ့ဘက်က ပြောပါတယ်။

တပ်ရင်းမှူး အပါအဝင် ငါးဦး သေဆုံးခဲ့တာကြောင့် ဟိုင်မွာလ်ရွာက နေအိမ်တွေကို မီးလာရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်ကနေ ၃ ရက်အထိနဲ့ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ ညပိုင်းတွေမှာလည်း ရိခေါ်ဒါရ်မြို့ အမှတ် (၂) ရပ်ကွက်ထဲက တောင်ကုန်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဝေဟင်ကနေ ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံး အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Mountain Eagle Defence Force (MEDF) အဖွဲ့က ပြောပါတယ်။

ချင်းကာကွယ်ရေးအဖွဲ့ (CDF - Hualngoram) အဖွဲ့ကတော့ ရိခေါ်ဒါရ်မြို့နဲ့ ကလေးမြို့ သွားတဲ့ ကားလမ်းမကြီးကို ဩဂုတ်လ ၁၅ ရက်ကစပြီး အသွားအလာ မလုပ်ကြဖို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။