စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှာ သေဆုံးသူ ၁၁ ဦးရှိလာ

စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းနဲ့ ကြည်းကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှာ သေဆုံးသူအနည်းဆုံး ၁၁ ဦးအထိရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၆ ရက် နေ့လယ်ပိုင်းမှာ လက်ယက်ကုန်းရွာကို စစ်ရဟတ်ယာဉ် နှစ်စင်းနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အပြင် အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သား တွေက ကြည်းကြောင်းကနေ ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အရွယ် မူလတန်းကျောင်းသား လေးဦး၊ အသက် ၃၀ အရွယ် ဒေသခံလေးဦးနဲ့ ကျေးရွာလုံခြုံရေးယူထားတဲ့ အရပ်သား သုံးဦး စုစုပေါင်း ၁၁ ဦးထိ သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

“ဒါက ကျနော်တို့ အတည်ပြုနိုင်တဲ့ စာရင်းပါ။ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့သူလည်း အနည်းဆုံး ၂၀ ဦးလောက်ရှိတာကြောင့် သူတို့လက်ထဲမှာ သေဆုံးသွားတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဒါကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး”

သေဆုံးခဲ့တဲ့ အရပ်သားတွေဟာ အသက် ၃၇ နှစ်အရွယ် မယု၊ အသက် ၄၇ နှစ်အရွယ် ဦးကျော်ထွန်း၊ အသက် ၃၁ နှစ်အရွယ် ဦးတင်စိုးနိုင်၊ အသက် ၁၃ နှစ်အရွယ် မောင်အောင် စိုးမင်းဦး၊ အသက် ၁၆ နှစ်အရွယ် ကိုအောင်အောင်ဦး၊ အသက် ၃၁ နှစ်အရွယ် ကိုအောင် စောထွေးနဲ့ အသက် ၂၆ နှစ်အရွယ် ကိုအောင်ချစ်မွှေးတို့ ဖြစ်တယ်တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။

မဟာဓမ္မရံသီ ဘုန်းကြီးကျောင်းဝန်းအတွင်းက စာသင်ကျောင်းကို ရဟတ်ယာဉ်နဲ့ ပစ်ခတ် မှုမှာ သေဆုံးခဲ့တဲ့ မူလတန်းကျောင်းသား လေးဦးရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီတပ် က ယူဆောင်သွားသလို ဖမ်းဆီးခံရတဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်းရှိနေတာကြောင့် သေဆုံးတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး ဒဏ်ရာရရှိထားတဲ့ ဆရာ၊ ဆရာမ သုံးဦး အပါအဝင်၊ ဒေသခံနဲ့ ကျောင်း သား၊ ကျောင်းသူ ၂၀ ကျော်ကို စစ်ကောင်စီ စစ်ကြောင်းက ခေါ်ဆောင်သွားတာပါ။ သူတို့ ကို ရေဦးမြို့နယ်က ၁၆ ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှာ ဆေးကုသမှုပေးနေတယ်လို့ ဒေသခံ တွေ ပြောပါတယ်။

စစ်ကောင်စီကတော့ လက်ယက်ကုန်းကျေးရွာမှာ KIA နဲ့ PDF တွေ ရှိတယ်ဆိုတဲ့သတင်း ကြောင့် အခုလို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စက်တင်ဘာ ၁၇ ရက် မနေ့က ကြေညာချက်ထုတ်ပြန်ပြီး ဝန်ခံထားပါတယ်။ ဒဏ်ရာရတဲ့ သူတွေကိုလည်း ဆေးကုသမှုပေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သေဆုံးထိခိုက်တဲ့ အရပ် သား အရေအတွက်ကို ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။

စာသင်ကျောင်းကို ဝင်ရောက်ပစ်ခတ်မှုဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်သလို၊ စစ်ရာဇဝတ်မှု ကျုးလွန်တာဖြစ်ပြီး၊ ဖမ်းဆီးခံထားရတဲ့ ဆရာ၊ ဆရာမနဲ့ ကလေးငယ်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေး သူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးဝန်ကြီးဌာတို့က စက်တင် ဘာလ ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။