မြင်းမူမြို့နယ် ကံဖျားရွာခံ ၁၁ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ ကံဖျားရွာမှာ ဒေသခံတွေ ထွက်ပြေးခိုလှုံနေတဲ့ မြတ်စောညီ နောင် ဘုရားဝင်းထဲကို ဇွန်လ ၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ရောက်လာပြီး လက်လုပ် သေနတ်တစ်လက် သိမ်းဆည်းရမိရာကနေ ဒေသခံ ၁၁ ဦး အသတ်ခံခဲ့ရတယ်လို့ ရွာသား တွေက ပြောပါတယ်။

အဲဒီအထဲက ခြောက်ဦးကို စစ်သားတွေက ပြေးခိုင်းပြီး နောက်ကနေ သေနတ်နဲ့ ပစ်သတ် တာကိုခံရတာလို့ ဆိုပါတယ်။ နောက်ထပ်သုံးဦးကတော့ လက်ကိုခေါင်းပေါ်တင်ခိုင်းပြီး ရွာသားတွေရှေ့မှာပဲ ပစ်သတ်တာကို ခံခဲ့ရတာလို့ ဆိုပါတယ်။ ကျန်နှစ်ဦးကတော့ မီးရှို့ ခံရတဲ့ ဓမ္မာရုံအတွင်းမှာပဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"ပြေးခိုင်းပြီး နောက်ကနေ ပစ်သတ်တာက အင်မတန်မှ ရုပ်ဆိုးအကျည်းတန်ပါတယ်"

သေဆုံးသူတွေထဲမှာ အသက် ၁၇ နှစ်ကနေ ၆၀ ကျော်အထိပါဝင်ပြီး ဦးမြင့်ဦး၊ CDM ကျောင်းဆရာ ကိုနေဇာအောင်၊ ကိုရူပါ၊ ကိုအေးမင်းနိုင်၊ ဦးလှစိုး၊ ကိုပိုင်ပိုင်၊ ဦးမဲကြီး၊ ကိုသူရ၊ ဦးတင်ထွေးနဲ့ ဦးစံတို့ဖြစ်ပြီး ကျန်တစ်ဦးအမည်ကိုတော့ မသိရသေးပါဘူး။

ဒါဟာ အကျည်းတန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေရဲ့ ပြောဆိုချက် ကို ကိုးကားပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

“၆ ရက်နေ့ကဖြစ်စဉ်မှာ ကံဖျားရွာက မြတ်စောညီနောင်ဘုရားဝင်းထဲကို စစ်သားတွေ ရောက်လာတယ်။ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ဆေးတဲ့အခါမှာ ဆိုင်ကယ်တွေကို စစ်ဆေးတဲ့အခါ လုပ်သေနတ်အတိုလေး တွေ့သွားတဲ့အတွက်ကြောင့် အမျိုးသားတွေကို တစ်၊ နှစ်၊ သုံး ရေခိုင်းပြီးတော့ နောက်ကနေပြီးတော့ သေနတ်နဲ့ ပစ်ပါတယ်။ သေနတ်နဲ့ ပစ်တဲ့နေရာ ထိမှန် ခြောက်ယောက်သေတယ်။ ဒေသခံတွေပါ။ အတိုလေးတွေ့လိုက်တာ လေးနဲ့ အသက်တွေ ပေးရတယ်။ အကြောက်တရားတွေ ရရှိသွားတယ်။ အခု ရွာမှာ လည်း မနေရဲအောင်ထိ ခံစားသွားကြရတယ်။ ပြေးခိုင်းပြီး နောက်ကနေ ပစ်သတ်တာက အင်မတန်မှ ရုပ်ဆိုးအကျည်းတန်ပါတယ်“

မြတ်စောညီနောင်ဘုရားဝင်းအတွင်းမှာ ထွက်ပြေးခိုလှုံနေသူ ၁၀၀ ကျော်ရှိပြီး အဲဒီအထဲက အမျိုးသား ၃၀ လောက်ကို ပြေးခိုင်းပြီးမှ နောက်ကနေ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။ နောက်ထပ် လူ ၁၀ ယောက်လောက်ကိုလည်း စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

RFA က မေးမြန်းခွင့်ရခဲ့သူဟာ ရွာဘက်ကို စစ်ကြောင်းဦးတည်လာချိန် အခြားရွာသားတွေ နဲ့အတူ ထွက်ပြေးတိမ်းရှောင်နေခဲ့တာကြောင့် အခင်းဖြစ်ပြီးမှ အဲဒီနေရာကို ရောက်လာခဲ့ သူပါ။

ဒါကြောင့် ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မျက်မြင်သက်သေတွေ ကို RFA က တိုက်ရိုက်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မြတ်စောညီနောင်ဘုရားဝင်း ထဲမှာ ခိုလှုံနေတဲ့ ဒေသခံတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်တပ်က သိမ်းဆည်းသွားတာ ကြောင့် လတ်တလော ဆက်သွယ်နိုင်ခြင်း မရှိသေးပါဘူး။ သေဆုံးသူတွေကိုတော့ ဒေသခံ တွေက ဇွန်လ ၇ ရက် မနေ့က ရွာမှာသင်္ဂြိုဟ်ခဲ့ကြပါတယ်။

အဲဒီအဖြစ်အပျက်နဲ့အတူ ဘုရားဝင်းထဲမှာရှိနေတဲ့ ဆိုင်ကယ်အစီး ၁၀၀ ကျော်လည်း မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ကြောင့် ကျန်ခဲ့တဲ့ ဒေသခံတွေလည်း ရွာမှာဆက်မနေရဲကြတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ထပ်လုံခြုံရေးအရ အမည်မဖော်လို တဲ့ ဒေသခံတစ်ဦးကတော့ ဒီဖြစ်ရပ်ကြောင့် ဆောက်တည်ရာမရအောင် ထိခိုက်ခံစားနေ ကြရတယ်လို့ ပြောပါတယ်။

“သူတို့နဲ့တွေ့တော့ ဖြေသိမ့်စရာစကားကို မရှိဘူး၊ ဆွံ့အတယ်ပြောရမလား၊ ပြေးခိုင်းပြီး ပစ်သတ်တာ၊ လူသုံးယောက်ကို သူတို့ရှေ့မှာတင် ပစ်သတ်တာကို ပြည်သူတွေကို ကြည့် ခိုင်းတာက ရက်စက်တာထက်ကို လွန်နေပါပြီ၊ ငိုနေတာတွေ မြင်ရတာ အရမ်းစိတ် မကောင်းဖြစ်တယ်“

အဲဒီနေ့ကဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူအချို့ပါရှိခဲ့ပြီး သူတို့ကို ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့က ဆေးကုသပေးထားတယ်လို့ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ပြေးဆိုပြီး ပြေးခိုင်းပြီး နောက်ကနေ ပစ်တော့တာပဲ၊ လဲတဲ့သူကလဲ၊ မှန်တဲ့သူက မှန်ပေါ့၊ အကုန်ကြောက်လန့် ထွက်ပြေးကြရတာ၊ PDF အဆက်အသွယ်တွေနဲ့ ဆေးကုဖို့ အကူအညီတောင်းတော့ သူတို့လာနိုင်တဲ့နေရာထိ သွားပြီးကုပေးတယ်။ ပြည်သူတွေက တအားကို ကြောက်လန့်နေရတယ်။ ပြေးဆိုပြီး ပစ်သတ်တာ ဇာတ်ကားထဲပဲ မြင်ဖူးတာ၊ အခုက ရက်ရက်စက်စက်ကိုလုပ်တာ“

myinmu-house.jpg
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကံဖျားရွာမှ ဖျက်ဆီးခံရသည့် နေအိမ်အား ၂၀၂၂ ခုနှစ် ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။ အရင်ကတော့ စစ်ကောင်စီ တပ်ဖွဲ့တွေ ရွာတွေထဲကို ဝင်ရောက်တာ မရှိသလို ပြည်သူတွေအပေါ် ထိခိုက်အောင်လုပ် စရာ ဘာအကြောင်းမှ မရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်ကတော့ ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

“တမင်သက်သက် ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တဲ့အဆင့်မျိုး ကျူးလွန်တာက စစ်ကောင်စီဘက်က စစ်ရာဇဝတ်မှုမြောက်တယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒီဧရိယာနဲ့ ဒီဒေသ တွေမှာ သူတို့က စစ်ရေးအရဆောင်ရွက်လို့မို့ မတော်တဆဖြစ်တာ မဟုတ်ဘဲ ရည်ရွယ် ချက်ရှိရှိကို လိုက်ပြီးတော့မှ လုပ်တာတွေရှိတယ်။ နောက်တစ်ခုက တိုက်ပွဲတွေမဖြစ်ဘဲ ရွာတွေကို မီးရှို့တာ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေက လူမျိုးတုံးသတ်ဖြတ်မှုကို ဦးတည်တယ်လို့ ယူဆတယ်”

စစ်ကိုင်းတိုင်းက မြင်းမူမြို့နယ်ဟာ စစ်ကောင်စီကို ခုခံတော်လှန်မှုပြင်းထန်တဲ့ဒေသတစ်ခု ဖြစ်သလို အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ခံထားရတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါ တယ်။