ကနီမှာ ကလေးတစ်ဦး အပါအဝင် ဒေသခံ ၁၂ ဦး အစုလိုက်အပြုံလိုက် အသတ်ခံထားရ

စောဖိုးခွား (ဝါရှင်တန် ဒီစီ)
2021.08.01

စစ်ကောင်စီတပ်တွေကို ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေတဲ့ မြို့တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း ကနီမြို့၊ တောင်ပေါက်အရှေ့ရွာနားက တောထဲမှာ အသက်မပြည့်သေးတဲ့ ၁၄ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အသတ်ခံထားရတဲ့ အမျိုးသား ၁၂ ဦးရဲ့ အလောင်းတွေကို ဒေသခံတွေ ဇူလိုင် ၃၁ ရက် မနေ့က တွေ့ရှိခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ ကနီမြို့နယ် တောင်ပေါက်ရွာဘက်ကို စစ်ကောင်စီတပ်တွေ အလုံး အရင်းနဲ့ ဝင်လာချိန်မှာ ရွာသားတွေ ထွက်ပြေးကြရင်းကနေ တချို့အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတွေ့ရှိတဲ့ ရုပ်အလောင်းတွေဟာ အဲဒီအဖမ်းခံရတဲ့ သူတွေထဲက ၁၂ ဦးရဲ့ ရုပ်အလောင်းတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံထားရသူတွေဟာ ကနီမြို့က သုံးယောက်၊ ခိုတွင်းရွာက နှစ်ယောက်၊ သရက်တောရွာက ခုနှစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရုပ်အလောင်းတွေနားမှာ စစ်ကောင်စီတပ်တွေက ကင်းပုန်းချထားတယ်လို့ လုံခြုံရေးအရ နာမည် မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"အဓိကက သူတို့က ကင်းပုန်းဝပ်နေတာဗျ။ ကင်းပုန်းဝပ်ပြီးတော့မှ Dead Body တွေကို တည်ကြက် သဖွယ် သဘောထားပြီး လာယူရင်တွယ်မယ်ပေါ့။ အဲသဘောမျိုး။ သယ်မရသေးဘူး။ တချို့ဟာတွေက ကိုင်မရလို့ အဲနားတင်မီးရှို့တာ။ ပုပ်ပွပြီး ကိုင်လို့မရတဲ့ အနေထားမျိုး ဖြစ်နေတယ်။ ၃၀ ရက်မှာ ရွာသား တွေက ဒီလူ ဒီလူတွေပေါ့၊ ရွာသားတွေက ရှာကြတော့ မီးလောင်နေတဲ့ ထန်းလက်တဲကို အဝေးကနေ မြင်တယ်။ မြင်နေပေမယ့် အဲနားမှာ စစ်ကောင်စီတပ်တွေက ကင်းပုန်းဝပ်နေတာမို့လို့ မသွားရဲဘူး။ အကုန် မသင်္ဂြိုဟ်ရသေးဘူး"

ဖမ်းဆီးသတ်ဖြတ်ခံရပြီး သေဆုံးတဲ့ထဲက အမျိုးသား သုံးယောက်ဟာ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့မှာ ညိုမဲ ဒဏ်ရာတွေ၊ ဦးခေါင်းနဲ့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရပြီး တခြားသေဆုံးထားသူတွေကိုလည်း ရိုက်နှက်ပြီး မီးရှို့ထားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ အသတ်ခံလိုက်ရတဲ့အထဲမှာ ကနီမြို့က ကိုအောင်မြင့်သူ (၃၂) နှစ်၊ ချင်းတွင်းမောင် (၂၅) နှစ်၊ ဖြိုးကျော်အောင် (၁၈) နှစ်တို့ သုံးယောက်တို့ဟာ ညီအစ်ကိုအရင်းတွေ ဖြစ်ကြပါတယ်။

"ရိုက်နှက်ပြီးတော့ သတ်ထားတဲ့ ပုံစံမျိုးတွေလည်း တွေ့ရပါတယ်"

သူတို့ သုံးယောက်ဟာ တောင်သူအလုပ်လုပ်ရင်း မီးသွေးဖုတ်တဲ့အလုပ်ပါ လုပ်ကြသူတွေပါ။ သူတို့တွေ အဖမ်းခံရပြီး သေဆုံးတဲ့သတင်းကို ကြားရပေမယ့် မိသားစုဝင်တွေကတော့ မျက်မြင်မတွေ့ကြရသေးပါဘူး။

သူတို့အလောင်းတွေကို နွားကျောင်းသွားတဲ့ သူတွေကတွေ့ပြီး အဝတ်အစားတွေကို မှတ်မိတာကြောင့် သူတို့သေတာကို သိရတာလို့ လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ယောက်က RFA ကို ပြောပါတယ်။

"နွားကျောင်းတဲ့ ကလေးမလေးတွေကနေ အမှတ်မထင်တွေ့တာ။ အဝတ်အစားလေးတွေ မှတ်မိတာကနေ သူတို့သေတယ်လို့ အတည်ပြုတာပါရှင့်။ နေရာက ကျောက်တံခါးဘက်လို့ ခေါ်တာ ။ ကျောက်တံခါး ချောင်းထဲမှာဖြစ်တာ။ တောတောင်သူလုပ်ရင်းနဲ့ဆိုတော့ ချောင်းနားနီး တောတောင်ရေမြေ ကောင်းတဲ့ နေရာမှာ အလုပ်လုပ်နေတာ။ ရိုက်နှက်ပြီးတော့ သတ်ထားတဲ့ ပုံစံမျိုးတွေလည်း တွေ့ရပါတယ်။ မျက်နှာတွေ ဖူးယောင်နေတာ။ ရိုက်နှက်ခံပြီး သေထားတဲ့ပုံစံ တွေ့ရတယ်လို့ ပြောတယ်"

ကနီမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်က ယင်းရွာနဲ့ ကုန်းသာရွာက စစ်ဘေးရှောင် ၁၆ ယောက် အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရပြီး ဇူလိုင် ၂၇ မှာ ၁ဝ ယောက်ကျော် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။ အခု ၁၂ ယောက်ဟာ တတိယအကြိမ်မြောက် အစုလိုက်အပြုံလိုက် အသတ်ခံရကြောင်း ရွာသားတွေက ရှာဖွေ တွေ့ရှိခဲ့တာပါ။

kani villagers
(ကနီမှာ နေထိုင်ကြတဲ့ ရွာသားများကို တွေ့ရစဉ်)

ကနီဘက်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီကနေ့ ညနေပိုင်းက ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။

အာဏာသိမ်းစစ်ကောင်စီတပ်တွေကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်နေတဲ့ထဲမှာ ကနီမြို့ဟာ စစ်ကောင်စီ တပ်တွေကို ပြင်းပြင်းထန်ထန် ပြန်လည်ခုခံ တော်လှန်နေတဲ့ မြို့တစ်ခုဖြစ်ပါတယ်။

ကနီပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးတာတွေရှိတာကြောင့် ကနီမြို့နယ်ကို ပြင်းပြင်းထန်ထန် နှိမ်နှင်းဖို့ ကြိုးစား နေတာဖြစ်မယ်လို့ လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"စစ်ကောင်စီလုပ်နေတဲ့ ပုံစံအရကတော့ ကနီကိုပဲ ပစ်မှတ်ထားသလို ဖြစ်နေတယ်။ အထိနာလို့လည်း ဖြစ်နိုင်တယ်။ ပြီးတော့ မြေပြန့်မှာ တော်လှန်နေကြတာက ကနီမြို့နယ်က အများဆုံးဖြစ်နေတာကိုး။ ကနီမြို့နယ်ထဲမှာကို တတိယအကြိမ် ဖြစ်ခဲ့တဲ့ဟာဗျ။ စစ်ကောင်စီရောက်လာတာနဲ့ ရွာထဲမှာ မွှေကြ၊ နှောက်ကြတယ်ဗျာ။ တွေ့သမျှလူ ဖမ်းတယ်ဆီးတယ်ဗျာ။ ဆိုတော့ ရွာထဲကိုဝင်လာပြီဆိုတာနဲ့ ပြေးကြ တာပေါ့။ ကိုယ်နဲ့နီးစပ်ရာတောတွေထဲကို ပြေးကြတယ်ဗျာ။ ပြေးနေလွှားနေတဲ့သူတွေကို ပစ်ခတ် နေတယ်ဆိုတော့ ဘယ်လိုမှကို မပြောချင်တော့ပါဘူး"

စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ပစ်ခတ်ဖမ်းဆီးတာ၊ တောနင်းရွာဖွေတာတွေကြောင့် ဒေသခံတွေလည်း ထွက်ပြေးနေကြရပါတယ်။

မေန့က မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်သား အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေတာကြောင့် ရွာပေါင်း ခုနစ်ရွာခန့်က ပြည်သူ တစ်သောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်။

"မနေ့က မနက်က မီးသွေးဖုတ်တဲ့ ကလေးတွေက တောပစ်ဖို့ယူသွားတဲ့ တူမီးလေးတွေနဲ့ လှမ်းပစ် လိုက်တော့ သူတို့ကို တိုက်ခိုက်တယ်ထင်ပြီး လက်နက်ကြီးတွေနဲ့ တရစပ်တွန်းပစ်ပြီး အင်အား ၃၀၀ နဲ့ အကုန်တောနင်းပြီး ရှာနေတယ်။ အဲထဲက သစ်ငံတောလို့ခေါ်တဲ့ တောတိုက်လေးက အိမ်ခြေ ၃၀ လောက် ရှိတဲ့ ရွာက အကုန် ထွက်ပြေးနေရတယ်။ သစ်ငံတောရဲ့မြောက်ဖက် ၂ မိုင်ခွဲလောက်ဝေးတဲ့ ယာကြီး၊ ရေယာဉ်၊ ရေဖြူ၊ ရွာမတို့ လေးရွာကလည်းအခု အကုန်လုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေ ရတယ်။ အိမ်ရယ်လို့ နေရတဲ့အချိန်က နည်းနည်းပါ။ သူတို့အဖွဲ့တွေက အခုဆိုရင် ကနီမြို့ နယ်အတွင်းမှာ အင်အား ထောင်ဂဏန်းလောက်ထိ အင်အားသုံးပြီး ဖြန့်ဝင်နေတာ။"

စစ်ကောင်စီတပ်တွေကို တော်လှန်နေတဲ့ ကနီမြို့နယ်ကို စစ်ကောင်စီကဘက် နယ်မြေစိုးမိုးရေးဆိုပြီး စီးနင်းလာမယ့် အခြေအနေတွေ ရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Ko thein zan
2021-08-01 12:52

ကနီမှာ လူအစုလိုက်အပြုံလိုက် အသတ်ခံရတာတွေ တော်တော်မိားနေပီ။