လူမှုကွန်ရက်မှာ စာသားမျှဝေမှုနဲ့ ၁၄ နှစ်အရွယ် မိန်းကလေး ဖမ်းဆီးခံရ

ပဲခူးတိုင်း ပြည်မြို့နယ် ပေါင်းတလည်မြို့မှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မမိုးချမ်းမြေ့ခင်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ စာသားတွေ မျှဝေလို့ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ပေါင်းတလည် မြို့ခံတွေက ဇွန်လ ၂ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

မေလ ၂၈ ရက်နေ့မှာ သူ့ရဲ့ နေအိမ်ကို အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းခေါ်သွားတာဖြစ်ပြီး လက်ရှိမှာ ရာဇသတ်ကြီးပုဒ်မ-၅၀၅ (က) နဲ့ အမှုဖွင့်ပြီး ပေါင်းတလည်ရဲစခန်းမှာ ထိန်းသိမ်း ခံထားရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ဖမ်းသွားတာတော့ လေးငါးရက်လောက်ကြာနေပြီ။ ကလေးမလေးက တော်တော်ငယ် သေးတယ်။ အခုမှ ရှစ်တန်းအရွယ်လောက်ရှိသေးတာ။ သူ့မိသားစုတွေဆိုရင် တော် တော်အနေအေးတယ်။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့သူတွေ”

သူပြန်လွတ်ဖို့အတွက် ရဲစခန်းကနေ ပိုက်ဆံ သိန်း ၆၀ တောင်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

အလားတူ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ကလည်း ပေါင်းတလည်မြို့မှာနေတဲ့ လူငယ်တစ်ဦးကို ဖေ့စ်ဘွတ်ခ်မှာ နိုင်ငံရေးနဲ့ဆိုင်တဲ့ စာသားတစ်ခုကို မျှဝေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ အဖမ်းခံရပြီး ရာဇသတ်ကြီးပုဒ်မ-၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

ပြည်မြို့နယ်ထဲမှာ စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ အကြောင်းအရာတွေ ရေးသားတဲ့ အကောင့်တွေ၊ စာမျက်နှာတွေအောက်မှာ မှတ်ချက်ရေးတဲ့သူတွေ၊ စာသားမျှဝေတဲ့သူတွေ၊ Like လုပ်တဲ့သူတွေကို သတိထားစောင့်ကြည့်ပြီး တချို့ကိုလည်း အဲဒီအကြောင်းအရာတွေ နဲ့ ပတ်သက်လို့ နေအိမ်တွေအထိ လာရောက်ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ ဒေသခံ တွေက ပြောဆိုကြပါတယ်။

နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိ စစ်ကောင်စီ ကို ဆန့်ကျင်ရေးသားမှုတွေအပါအဝင် NUG၊ CRPH၊ PDF အဖွဲ့တွေကို ထောက်ခံတဲ့ အရေးအသားတွေ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ရေးသားဖြန့်ဝေလို့ဆိုပြီး ဖမ်းဆီးအရေးယူခံရသူ ၂၂၉ ဦး ရှိပါတယ်။