ဂန့်ဂေါမှာ ၁၄ နှစ်သမီးကို စစ်ကောင်စီတပ်သားတွေ အဓမ္မကျင့်ပြီး မီးရှို့သတ်ဟု မိသားစုဝင်တွေပြော

2022.04.12
ဂန့်ဂေါမှာ ၁၄ နှစ်သမီးကို စစ်ကောင်စီတပ်သားတွေ အဓမ္မကျင့်ပြီး မီးရှို့သတ်ဟု မိသားစုဝင်တွေပြော မကွေးတိုင်း ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာ မီးရှို့ခံထားရသည်အား ၂၀၂၁ အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာသား သားအဖနှစ်ဦးကို ဧပြီလ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးပြီး အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူကို မုဒိမ်းကျင့် ခဲ့သလို နှစ်ဦးစလုံးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

အသတ်ခံလိုက်ရတဲ့ အသက် ၅၂ နှစ်အရွယ် ဦးအောင်ရဲနဲ့ အသက် ၁၄ နှစ်အရွယ် မမိုးမိုးထွေးတို့ဟာ တောင်ယာအလုပ်အပြင် တောထဲက ငှက်၊ ဖြူ စတဲ့ တောတွင်း တိရစ္ဆာန်တွေကိုဖမ်းပြီး ရောင်းချစားသောက်နေကြသူတွေပါ။

"နောက်ဆုံးအနေနဲ့ အဖေနဲ့ ညီမ မျက်နှာလေးကိုတောင် မမြင်လိုက်ရတဲ့ ဘဝဗျ"

သားအဖနှစ်ဦးစလုံး တောထဲအသွားမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာကို ခံလိုက် ရပြီး လက်ပြန်ကြိုးတုပ် မီးရှို့သတ်ဖြတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင် တွေ့ခဲ့သူ ထယ်လှော်ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့လည်း ရွာထဲကို ကြောက်ကြောက်နဲ့ ဖြည်းဖြည်းချင်း ဝင်ရတယ်။ သူတို့မီးရှို့ ထားခဲ့တဲ့အိမ်က ပြာကျနေပြီဗျ။ အိမ်ကို မီးသွားသတ်တဲ့အချိန်မှာ ရေလောင်းလိုက် တော့ ဒီလိုမျိုး အလောင်းတွေကိုတွေ့တာ။ အရှင်လတ်လတ် မုဒိမ်းကျင့် မီးရှို့ပြီး သတ် ထားခဲ့တာဗျ။ နှုတ်ပိတ်ထားခဲ့တာပေါ့ဗျာ"

မမိုးမိုးထွေးရဲ့ ရုပ်အလောင်းကိုတော့ တိုင်ခြေရင်းမှာ မျက်နှာဖုံးအုပ်ထားပြီး လက်ပြန်ကြိုး တုပ်ထားတဲ့ အနေအထားနဲ့ တွေ့ခဲ့ရပြီး ဦးအောင်ရဲရဲ့ ရုပ်အလောင်းကိုတော့ အိမ်မကြီး ထဲမှာ မီးလောင်ဒဏ်ရာနဲ့ တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

အဖမ်းခံရတဲ့ညက မမိုးမိုးထွေးရဲ့ အော်ဟစ်သံတွေကို တောထဲမှာပုန်းနေရတဲ့ ရွာသား တွေက ကြားခဲ့ရတာနဲ့ မမိုးမိုးထွေးရဲ့ အလောင်းနားမှာ အသုံးပြုထားပြီးသား အမျိုးသမီး အင်္ဂါအတု ၃ ခုကိုပါ တွေ့ခဲ့ရတာကြောင့် မုဒိမ်းကျင့်ပြီးမှ အရှင်လတ်လတ် မီးရှို့အသတ် ခံရတာလို့ ရွာသားတွေက ယူဆပြောဆိုကြပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်လာလို့ တစ်ရွာလုံး ထွက်ပြေးနေရတာကြောင့် ဘယ် တပ်က စစ်သားတွေလဲဆိုတာကို မသိနိုင်ဘူးလို့ ရွာသားတွေက ပြောပါတယ်။ မုဒိမ်းကျင့် ပြီးမှ အရှင်လတ်လတ် မီးရှို့သတ်ခဲ့တာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုလည်း RFA က သီးခြားအတည်မပြုနိုင်ပါဘူး။

မမိုးမိုးထွေးဟာ မိသားစုထဲမှာ အသက်အငယ်ဆုံးဖြစ်လို့ ဖခင်ဖြစ်သူက စိတ်မချတာ ကြောင့် တောင်ယာလုပ်ချိန်နဲ့ တောထဲသွားချိန်မှာ အမြဲခေါ်သွားလေ့ရှိတယ်လို့ အဒေါ် ဖြစ်သူက ပြောပါတယ်။

“ဝမ်းထဲကနေ တော်တော်ခံစားရတယ်ရှင့်၊ အဖေက အရှေ့ခန်းမှာ၊ သမီးက အနောက် ခန်းမှာ။ အဲဒါ မုဒိမ်းကျင့်ပြီးမှ လုပ်တယ်ဆိုတော့ ဖအေကလည်း အော်တယ်လေ၊ သူ့ သမီးကိုဆိုတော့ အဲဒါ သတ်ပစ်တာတဲ့ရှင့်၊ သတ်ပြီးကာမှ မီးရှို့ခဲ့တာတဲ့ရှင့်”

မိခင်ဖြစ်သူဟာ မမိုးမိုးထွေး အသက် နှစ်နှစ်အရွယ်ကတည်းက ဆုံးပါးသွားခဲ့ပြီး အသက် ၁၆ နှစ်အရွယ် အစ်ကိုနဲ့ အစ်မပဲ ကျန်ခဲ့တယ်လို့လည်း အဒေါ်က ဆိုပါတယ်။

မိုးမိုးထွေးရဲ့ အစ်ကိုကလည်း သူတို့မိသားစု အဖြစ်ဆိုးနဲ့ ကြုံရတာကို ဝမ်းနည်းနေပါတယ်။

“ကျနော့်အဖေနဲ့ ညီမ အသတ်ခံရတာကို ဝမ်းနည်းတယ်ဗျ။ ကျနော်ကလည်း ပိုက်ဆံ မရှိလို့ အလုပ်သွားရတာပါ။ ကျနော်လည်း ဘာမှမတတ်နိုင်ဘူးလေ။ နောက်ဆုံးအနေနဲ့ အဖေနဲ့ ညီမ မျက်နှာလေးကိုတောင် မမြင်လိုက်ရတဲ့ ဘဝဗျ။ တွေ့မယ့်တွေ့တော့ အရိုး ပဲတွေ့ရတယ်။ နောက်ဆုံးအနေနဲ့ ကျနော်တို့လည်း တွေ့ချင်တာပေါ့။ ဒါပေမဲ့လည်း ကျနော် ဘယ်တတ်နိုင်မလဲ”

စစ်ကောင်စီတပ်တွေ ရွာထဲဝင်ရင် ပြေးမလွတ်မှာစိုးလို့ တစ်ရွာလုံး တောထဲကြိုတင်ရှောင် နေကြပေမယ့် တယ်လီဖုန်းမရှိတဲ့ မမိုးမိုးထွေးတို့ သားအဖကတော့ စစ်တပ်ဝင်လာတာကို မသိခဲ့ဘဲ တောထဲ ဟင်းသီးဟင်းရွက်သွားရှာရင်း အဖမ်းခံရတာလို့ ဒေသခံတွေက ပြောပါ တယ်။

စစ်ကောင်စီတပ်သား အင်အား ၇၀ လောက်ဟာ ဧပြီလ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်း ကျင်မှာ ထယ်လှော်ရွာထဲကို ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ထယ်လှော်ရွာကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၉ ရက်နေ့၊ အောက်တိုဘာ ၂ ရက်နေ့ နဲ့ ၃ ရက်နေ့အပြင် အခုနှစ် ဧပြီလ ၄ ရက်နေ့တွေမှာ စုစုပေါင်း လေးကြိမ်ရောက်လာပြီး ရွာထဲက အိမ်တွေကို မီးရှို့ခဲ့တာကြောင့် အိမ် ၃၈ လုံး မီးလောင် ပျက်စီးခဲ့ပါတယ်။

စစ်သားတွေ ကျူးလွန်တဲ့အမှုတွေကို အရပ်သားတရားရုံးက စီရင်ခွင့်မရှိတာကြောင့် ဘယ်လိုတရားစီရင်သလဲ ဆိုတာကို ဘယ်သူမှ မသိရဘူးလို့ ရှေ့နေဦးကြီးမြင့်က ပြောပါတယ်။

"၂၀၀၈ ဥပဒေ ပြဋ္ဌာန်းလိုက်ရော စစ်သားကျူးလွန်တဲ့အမှုကို အရပ်သားတရားရုံးနဲ့ ရဲစခန်းက အရေးယူခွင့် မရှိတော့ဘူး။ စစ်သားကျူးလွန်တာကို ရဲကဖမ်းရင် စစ်တပ်က ပြန်လာခေါ်သွားတယ်။ ပြန်ခေါ်သွားရင်လည်း ဘယ်ခုံရုံးက ဘယ်လိုစီစဉ်တယ်၊ ဘယ်လောက်ကြာမှာ ပြန်လွှတ်တယ်ဆိုတာမျိုး ဘယ်သူမှ မသိရတော့ဘူး"

အသက် ၁၄ နှစ်ဖြစ်လို့ ကလေးသူငယ်မုဒိမ်းဖြစ်ပြီး အလောင်းဖျောက်ဖျက်မှုနဲ့ မုဒိမ်းမှု တွေအပြင် ရည်ရွယ်ချက်ရှိရှိ မသေမချင်း သတ်တဲ့အမှုဖြစ်တာကြောင့် ပြစ်မှုထင်ရှားရင် သေဒဏ်အထိ အမိန့်ချမှတ်နိုင်တယ်လို့ ဦးကြီးမြင့်က ရှင်းပြပါတယ်။

အမျိုးသမီးတွေကို စစ်လက်နက်အဖြစ် အသုံးပြုတာ အခုမှမဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက တိုင်းရင်းသားဒေသမှာလည်း ကျူးလွန်တာတွေရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် အဖွဲ့ဝင် မလွေးပိုးငယ်က ပြောပါတယ်။

"အမျိုးသမီးတွေကို အင်အားသုံးပြီးတော့ အမျိုးသမီးရဲ့ ခန္ဓာဗေဒကို စစ်လက်နက်တစ်ခု သဖွယ် အသုံးပြုတာ ရွံရှာဖွယ်ကောင်းတဲ့ ရာဇဝတ်မှုတစ်ခုဖြစ်သလို ကျမတို့အနေနဲ့ လည်း ရှုတ်ချတယ်။ ကျမတို့အနေနဲ့ ဒီရာဇဝတ်မှုကို ကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ရှုတ်ချတယ်။ ဒီလို အမျိုးသမီးတွေကို စစ်လက်နက်လို အသုံးပြုနေသူတွေက ယနေ့ အထိ ကင်းလွတ်ခွင့်ရနေတဲ့အတွက် ဆက်လက်ပြီး ကျူးလွန်ခွင့်ရှိနေတယ်"

မြန်မာနိုင်ငံ နေရာအနှံ့အပြား ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်သား တွေရဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာခုံရုံးမှာ တရားစီရင်ဖို့ လိုအပ်တယ်လို့လည်း မလွေးပိုးငယ်က ဆိုပါတယ်။

မမိုးမိုးထွေးတို့ သားအဖနှစ်ဦး အသတ်ခံရတဲ့ကိစ္စအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

htalhlaw-village-fire.jpg
မကွေးတိုင်း ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာအား တွေ့ရစဉ် (Photo: CJ)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကဖြစ်ခဲ့တဲ့ ကလေးမြို့တောင်ပိုင်းက သားအမိသုံးဦး မုဒိမ်းကျင့် အသတ်ခံရတဲ့ ကိစ္စအပေါ် မေးမြန်းချိန်ကတော့ ဒီလိုလုပ်ရပ်မျိုးတွေ ဘယ်တော့မှ မလုပ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကတော့ ဒီလိုလုပ်ရပ်မျိုးအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ပြောပါတယ်။

"ကျနော်တို့ကတော့ လုံးဝလက်မခံနိုင်တဲ့ အကြောင်းအရာပေါ့နော်။ စစ်မြေပြင်မှာ စစ်သားအချင်းချင်း ဖြစ်တာတော့ တစ်ပိုင်းပေါ့လေ။ အပြစ်မဲ့ပြည်သူကို စစ်ဘေးရှောင် နေတဲ့ ပြည်သူကိုမှဖမ်းပြီး ရက်ရက်စက်စက် လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်တယ်။ မီးရှို့ပြီး သတ်ဖြတ်တယ်။ ဒီလိုမျိုးကိစ္စတွေကကျတော့ ကျနော်တို့ လက်မခံဘူး။ ဒီလိုကိစ္စကိုလည်း ကျနော်တို့ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်"

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ချင်းပြည်နယ် တီးတိန်မြို့နယ် အာလွယ်ရွာ မှာ ကိုယ်ဝန် ခုနစ်လရှိတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးကို စစ်ကောင်စီတပ်သားနှစ်ဦးက နှစ်ကြိမ်တိုင် အဓမ္မ ပြုကျင့်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။