ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာမှာ ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ပြင်းထန်ပြီးတဲ့နောက် စစ်တပ်ဘက်က လေကြောင်း သုံး တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
ဆယ်ဇင်းကျေးရွာမှာ ဩဂုတ်လ ၈ ရက်ကနေ ဩဂုတ်လ ၁၂ ရက် ဒီကနေ့အထိ နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး အင်အားသုံး ချေမှုန်းခဲ့တာကြောင့် ကလေးတွေ အပါအဝင် အရပ်သားတွေပါ သေဆုံးထိ ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူ အတော်များများရှိတယ်လို့ ခန့်မှန်းရပေမယ့် အခြေအနေတွေ ရှုပ်ထွေးဆဲဖြစ် တာကြောင့် လောလောဆယ် ရုပ်အလောင်း ၁၅ လောင်းကိုပဲ အတည်ပြုနိုင်သေးတယ်လို့ ဆယ်ဇင်းရွာကနေ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ဒီကနေ့ အတည် ပြုပြောဆိုပါတယ်။
“ဆုံးတာတော့ တော်တော်များတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး အဲကနေထွက် လာပြီး Camp တွေမှာ ရောက်နေတဲ့သူတွေ၊ ကိုယ့်အရပ်ဒေသ ပြန်ရောက်နေသူတွေနဲ့ ချိတ်ဆက်ပြီး အတည်ပြုနေပါတယ်။ လက်ရှိတော့ အနည်းဆုံး ၁၅ ယောက်ကျော်သွား ပြီ”
စစ်ဘေးဒုက္ခသည်တွေဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးတိမ်းရှောင်လာရ တာကြောင့် လတ်တလော အစားအသောက်နဲ့ အဝတ်အထည်တွေ အရေးတကြီး လိုအပ် နေတယ်လို့ သူက ဆိုပါတယ်။
ဖားကန့်မြို့နယ် ဆယ်ဇင်းရွာတိုက်ပွဲကြောင့် သေဆုံးသူအရေအတွက်ဟာ အယောက် ၃၀ ကနေ ၅၀ အကြားရှိတယ်လို့ ဒေသခံအချို့ကို ကိုးကားပြီး ပြည်တွင်းသတင်းမီဒီယာအချို့ က ရေးသားဖော်ပြကြပေမယ့် ဖုန်းလိုင်းအခက်အခဲနဲ့ ဖားကန့်မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ခံရမှုတွေကြောင့် RFA အနေနဲ့ ဒီအရေအတွက်ကို သီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို ဒီကနေ့ ဆက်သွယ်မေးမြန်းတဲ့အခါ သေဆုံးစာရင်းနဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးသလို ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ ဆောင်ရွက်နေ တယ်လို့ RFA ကို ပြောပါတယ်။
“သေဆုံးစာရင်းက ကျနော့်ဘက်ကတော့ မသိသေးပါဘူး။ ဒါပေမဲ့ အောက်ခြေက တစ် ဆင့်ပြီး တစ်ဆင့် အတည်ပြုပေးမှာပါ။ ကျနော်တို့က ကူညီပေးဖို့ အဆင်သင့်ရှိတယ်။ ဒါပေမဲ့ ဒေသတစ်ခုဆိုတာ စစ်ဖြစ်နေရင် သွားလို့လာလို့လည်းရမှ လုပ်လို့ကိုင်လို့ရမှာ လေ။ အဲဒီကိုသွားပြီး ထောက်ပံ့တာရှိမယ်။ ပြေးလာတဲ့လူကို ထောက်ပံ့တာရှိမယ်။ အဲဒါကို အပိုင်းလိုက်လုပ်သွားဖို့ရှိတယ်”
ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့က ဆယ်ဇင်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ စစ်ကိုင်း တိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်မြင့်ရွာက ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်စခန်း တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေက သွား ရောက်တိုက်ခိုက်ပြီးတဲ့နောက်မှာ စစ်တပ်က ဆယ်ဇင်းရွာနဲ့ အနီးတစ်ဝိုက်ကို လေကြောင်း ကနေ အဆက်မပြတ် တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာက ဒေသခံ ၃၀၀၀ ကျော်ဟာ ရွာနဲ့ ၂၅ မိုင်လောက်ဝေးတဲ့ ခိုမ၊ နန်စဘိန်း၊ ရွှေတောင်ကျော်၊ ဟောင်းပါး၊ တာမခန်း၊ ဘုရား တောင် စတဲ့ကျေးရွာတွေမှာ အရေးပေါ် ထွက်ပြေးခိုလှုံနေရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာဟာ စစ်တပ်ကို လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်မှာရှိပြီး အိမ်ထောင်စု ၆၀၀ ကျော်နဲ့ လူဦးရေ ၃၀၀၀ ကျော်နေထိုင်တဲ့ကျေးရွာ ဖြစ်ပါတယ်။
အိမ်ခြေ ၄၀၀ ကျော် မီးရှို့ခံရပြီး ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသ ခံတွေက ပြောပါတယ်။