ရေစကြိုမြို့နယ် ကြူရွာမှာ ဒေသခံ ၆၀ ခန့် ဖမ်းဆီးခံရပြီး နေအိမ် ၁၅၀ ခန့် မီးရှို့ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကြူရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၃ နာရီခွဲခန့်မှာ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၁၅၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ခြောက်ဆယ်ခန့်ကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ကြူရွာက အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေအပြင် အဲဒီရွာမှာ လာရောက်ရှောင်တိမ်းနေတဲ့ ဒေသခံတွေပါ ပါဝင်ပြီး အခုထိ ပြန်မလွတ်သေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်း အင်အားခုနစ်ဆယ်ခန့်ဟာ အိမ်ခြေပိုများတဲ့ ရွာတောင်ဘက်ပိုင်းကနေ ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး ဒေသခံတွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကြူရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"အိမ်ခြေ ၁၅၀ လောက် ပါသွားတယ်ဗျာ။ ရွာထဲက ပြည်သူခြောက်ဆယ်လောက်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားတယ်ဗျာ။ ရွာကို တောင်ဘက်ကနေစပြီး မီးတိုက်ရှို့ခဲ့တာဗျာ"

ရွာမီးရှို့ခံရချိန် ထွက်မပြေးနိုင်တဲ့ အသက် ၈၀ ဝန်းကျင်အရွယ် ဦးဖိုးသောင်းဟာ မီးထဲပါ သေဆုံးခဲ့ရပြီး ဒေသခံတွေရဲ့ တန်ဖိုးကြီး လက်ဝတ်ရတနာတွေနဲ့ ငွေတွေပါ ယူဆောင်ခံရတယ်လို့ ဆိုပါတယ်။

အိမ်ခြေ လေးရာနီးပါးရှိတဲ့ ကြူရွာက ဒေသခံတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့လည်း အဲဒီရွာခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အခြေစိုက်ထားတဲ့ ဆင်မရဲရွာအနီးက စခန်းတစ်ခုကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ ဒေသကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် အဲဒီကနေ လွတ်မြောက်သွားတဲ့ ပျူစောထီး အဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး အခုလို လာရောက်မီးရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးကတော့ ဇန်နဝါရီ ၂၈ ရက်နေ့မနက်မှာ ပျူစောထီးစခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"မနေ့က မနက် ၅ နာရီလောက်က ဆင်မရဲကို ကျွန်တော်တို့ ဝင်သိမ်းတာ။ ၈ နာရီလောက်မှာတော့ ပျူစခန်း တစ်ခုလုံးကို အကုန်သိမ်းမိတာ။ ဘန်ကာတွေ အကုန်လုံးကို မီးရှို့နိုင်ခဲ့တယ်"

ရွာတွေကို စစ်ကြောင်းထိုး သတ်ဖြတ်၊ မီးရှို့မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါတိုင်း အဲဒီကိစ္စတွေကို သူမသိကြောင်းနဲ့ ပြည်ထောင်စု အဆင့်ကသာ ထုတ်ပြန်လေ့ရှိကြောင်း အကြိအကြိမ် ငြင်းဆိုထားပါတယ်။

ဒါ့အပြင် ဒီကိစ္စတွေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မီးရှို့ခံရမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်သားတွေကြောင့် နိုင်ငံတစ်ဝန်းက နေအိမ် (၃၀၂၇၃) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။