စစ်ကိုင်းတိုင်း၊ မုံရွာမြို့အလယ် မီးပွိုင့်အနားက အမှိုက်ပုံမှာ အောက်တိုဘာလ ၁၄ ရက် ဒီနေ့မနက်ပိုင်း ဗုံးပေါက်ကွဲခဲ့တာကြောင့် အမှိုက်သိမ်းနေတဲ့ အသက် ၁၅ နှစ်အရွယ် နေ့စားအလုပ်သမား ကလေးတစ်ဦး သေဆုံးသွားပါတယ်။
"ဗုံးပေါက်တဲ့နေရာက ဆန္ဒပြအဖွဲ့တွေပြလေ့ရှိတဲ့နေရာဖြစ်လို့ စစ်ကောင်စီက လာထောင်ထားတဲ့ ဗုံးဖြစ်နိုင်တယ်၊ အမှိုက်သိမ်းနေတဲ့ အလုပ်သမားတစ်ဦး သေပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာမြို့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
သေဆုံးသွားသူဟာ လေဖြတ်ဝေဒနာ ခံစားနေရတဲ့ ဖခင်ဖြစ်သူနဲ့ မိသားစုကို ရှာကျွေးနေတဲ့ နေ့စား သန့်ရှင်းရေး ဝန်ထမ်း မောင်ရွှေလုံး ဖြစ်ပြီး စိတ်မကောင်းဖြစ်မှာစိုးတာကြောင့် မိသားစုကို မပြောရဲသေးဘူးလို့ ဒေသခံက ဆိုပါတယ်။
အမေဖြစ်သူကလည်း နိုင်ငံရေးနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာလ ၄ ရက်နေ့က မုံရွာမြို့မှာရှိတဲ့ ကျွဲရဲစစ်ဆေးရေးဂိတ်မှာပဲ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရပြီး လက်ရှိ အမှတ် (၂) ရဲစခန်းမှာ ချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုပေါက်ကွဲမှုဟာ စစ်ကောင်စီဘက်က ထောင်ထားတဲ့ ဗုံးကြောင့်ဖြစ်တာလို့ ဒေသခံတွေက စွပ်စွဲ ပြောဆိုနေကြပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ထောက်တိုင်တွေကို တိုက်ခိုက်ဖျက်ဆီးနေတဲ့ကိစ္စတွေကို အကြမ်းဖက်လုပ်ရပ်လို့ ထင်မှတ် မှားဖို့ အလားတူ ဖောက်ခွဲမှုတွေ ပြုလုပ်ပြီး ပြည်သူလူထု ထိခိုက်အောင် ပုံဖျက်လုပ်ဆောင်တာတွေ ရှိလာတဲ့ အပေါ် ကန့်ကွက်ကြောင်း မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် တော်လှန်ရေး ရဲဘော်တွေအနေနဲ့ အပြစ်မဲ့ပြည်သူတွေကို လုံး၀မထိခိုက်အောင် လုပ်ဆောင်ကြဖို့နဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ မပူးပေါင်းဘဲ ရှောင်ကျဉ်ပေးဖို့ တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။