တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံးကြောင်း KNDF ပြော

ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ဖေဖော်ဝါရီလ ပထမပတ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၁၆ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ဖေဖော်ဝါရီလ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေဟာ ဖေဖော်ဝါရီလ ၄ ရက် မနက်အစောပိုင်းမှာ ကယန်းသာယာကျေးရွာအနီးနဲ့ အဲဒီနေ့ ညနေပိုင်းမှာ ထီရီကျေးရွာတောင်ပေါ်မှာ တစ်ကြိမ်စီဖြစ်ပွားခဲ့သလို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာလည်း လင်ဖုံလင်းလမ်းခွဲမှာ တစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

ဒီတိုက်ပွဲတွေဟာ ကရင်နီတပ်မတော် (KA) နဲ့ KNDF ဘက်က ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက အတွင်းရေးမှူး (၂)၊ ဦးအောင်ဆန်းမြင့် က ပြောပါတယ်။

“အခု တစ်ရက် နှစ်ရက်ကတော့ ဒီလွိုင်ကော်ဘက်မှာကတော့ ပြောက်ကျားလောက်ပဲ ရှိလိမ့်မယ်။ ဟိုးအရင်တလောကလိုမျိုး ကျနော်တို့ နေ့စဉ်ဆက်တိုက်တိုက်ပွဲတွေဖြစ် တာမျိုး နည်းသွားတာပေါ့နော။ အခုကတော့ တချို့ လွိုင်ကော်ကို ပြန်လာဖို့ဆိုပြီးတော့ မှ စစ်ကောင်စီက မနားမနေ မ်းလှမ်းနေသလို ဒီလူထုတွေကိုလည်း ကမ်းလှမ်းတာတွေ လည်း ရှိနေတယ်ပေါ့နော်။ အဲဒီအခြေအနေတော့ရှိတယ်။ ဒါပေမဲ့ တခြားနေရာမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ရှိနေပါတယ်။ ဒီဖရူဆိုဘက် ဒီမိုးဗြဲ ဖယ်ခုံဘက်မှာလည်း ဖြစ်နေတာ ရှိတယ်ပေါ့နော်”

ဖေဖော်ဝါရီလ ၈ ရက် မနေ့ကလည်း လွိုင်ကော်မြို့ ဒေါဥခူနဲ့ မိုင်းလုံးရပ်ကွက်တွေမှာ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီတိုက်ပွဲ တွေအတွင်း ကရင်နီတပ်မတော် (KA) နဲ့ KNDF ဘက်က အသေးစားထိခိုက်မှုအချို့ ရှိခဲ့တယ်လို့လည်းဆိုပါတယ်။

ဒီထုတ်ပြန်ချက်ပါ ထိခိုက်မှုတွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။ စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုလည်း RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီ တပ်က လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ညတွင်းချင်း ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုဆိုရင် နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒီးမော့ဆို၊ လွိုင်ကော်နဲ့ ဖရူဆိုမြို့တွေမှာ အိုးအိမ် စွန့်ခွာထွက်ပြေးရသူပေါင်း တစ်သိန်းခုနစ်သောင်းကျော်ရှိနေပြီလို့ ဒေသခံတွေက ပြော ပါတယ်။