စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက် တစ်ရက်တည်းမှာပဲ အသတ်ခံရ သူ စုစုပေါင်း ၁၈ ဦး ရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုလဲမြို့နယ်၊ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတွေက RFA ကို ပြောပါ တယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ကံကြီးရွာဒေသခံ လေးဦး၊ ညောင်ကုန်းရွာက နှစ်ဦး၊ အင်ကြင်းစုရွာက ရှစ်ဦး စုစုပေါင်း ၁၄ ဦးတို့ကို ပုလဲမြို့နယ် တောင်ပိုင်းကနေ ထွက်လာတဲ့ စစ်ကြောင်းတစ်ခုက ဖမ်းခေါ်သွားပြီး သတ်ဖြတ်ခဲ့သလို ဇူလိုင်လ ၁၁ ရက်နေ့ကလည်း တောင်ရွာသစ်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ဒါကြောင့် အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး သုံးဦး စုစုပေါင်း ၁၈ ဦး တစ်ရက်တည်း အသတ် ခံခဲ့ရပြီး ဒီအကြောင်း တိတိကျကျကိုတော့ အင်မထီးရွာကနေ ထွက်ပြေးလာရတဲ့ ကိုယ် တိုင်တွေ့ခဲ့ရသူတွေထံကနေ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့ကမှ အတည်ပြုချက်ရခဲ့တာလို့ ဆိုပါတယ်။
ဇူလိုင်လ ၉ ရက်နေ့မှာ ဖမ်းခေါ်သွားပြီး အသတ်ခံရသူ ၁၄ ဦးရဲ့ အလောင်းတွေကို အခုထိ ပြန်မရဘူးလို့ အမည်မဖော်လိုတဲ့ ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဇူလိုင်လ ၁၀ ရက်နေ့မှာ အဲဒီစစ်ကြောင်းက အင်မထီးရွာက ပျူစောထီးစခန်းထဲကို ဝင်သွားတယ်။ ၁၁ ရက်နေ့မှာကျတော့ အဲဒီစစ်ကြောင်းထဲမှာ ပါလာတဲ့ စကစလက် အောက်ခံ စစ်သားတွေရယ်၊ အင်မထီးရွာက ပျူတွေရယ် ပေါင်းပြီးတော့ ၁၄ ယောက် စလုံးကို လည်ပင်းကို ဓားနဲ့လှီး သတ်ပစ်လိုက်ပြီးပြီဆိုပြီး သိရတယ်။ မျက်မြင်သက်သေ ရှိတယ်။ အလောင်းကတော့ ပျူစောထီး စခန်းနားမှာ ဖြစ်နေတဲ့အတွက် မရသေးဘူး”
အသတ်ခံရသူတွေအားလုံးဟာ အမျိုးသားတွေဖြစ်ကြသလို အသက် ၁၄ နှစ်အရွယ် ကလေး ကနေ အသက် ၆၀ အရွယ်အထိ ပါဝင်ပြီး သူတို့ကို အင်မထီးရွာ အနောက်ဘက်ကို ခေါ် ထုတ်ပြီး သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့မှာလည်း အင်မထီးရွာအနီးက တောင်ရွာသစ်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦးတို့ကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တောင်ရွာသစ်ကျေးရွာက လေးယောက်။ အဲဒီနေ့မှာပဲ အသတ်ခံရတယ်။ ၁၅ နှစ် အရွယ် အမျိုးသမီးပါတယ်။ သားအမိ နှစ်ယောက်ပေါ့။ အမျိုးသမီး သုံးယောက်က အိမ်သာထဲမှာ သွားပုန်းနေတယ်။ စစ်သားတစ်ယောက်က ထွက်ခဲ့လို့ခေါ်ပြီး ထွက် ထွက်ချင်းပဲ ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်သွားတယ်ပေါ့။ အမျိုးသား တစ်ယောက် လည်း ပစ်သတ်ခံရတယ်။ သူတို့ကတော့ အလောင်းတွေရတယ်”
စစ်ကြောင်းမှာ ပါဝင်သူတွေဟာ ရိုးရိုးအရပ်ဝတ်အင်္ကျီတွေနဲ့ အာကာထွန်းဘောင်းဘီတွေပဲ ဝတ်ထားတာကြောင့် ဘယ်တပ်ရင်း၊ တပ်ဖွဲ့တွေကလဲဆိုတာ သေချာမသိနိုင်ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
တောင်ရွာသစ်ရွာမှာ ဇူလိုင်လ ၁၂ ရက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးသုံးဦးနဲ့ အမျိုးသား တစ်ဦး၊ စုစုပေါင်း လေးဦးရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေက တွေ့ရှိခဲ့တဲ့အကြောင်း RFA က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့မှာကတည်းက သတင်းထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။
ဒေသခံတွေ သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနေဆဲဖြစ် သလို စစ်ကောင်စီဘက်ကလည်း သတင်းတစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားတဲ့ စာရင်း တွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုလ ဩဂုတ်လ ၂၃ ရက်နေ့အထိ သေဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်း ၂၂၃၃ ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။