ယင်းမာပင် ရင်ပေါင်တိုင်ရွာမှာ သေဆုံးသူ ၁၉ ဦးအထိရှိပြီလို့ ဒေသခံတွေပြော

2022.08.17
ယင်းမာပင် ရင်ပေါင်တိုင်ရွာမှာ သေဆုံးသူ ၁၉ ဦးအထိရှိပြီလို့ ဒေသခံတွေပြော မီးရှို့ဖျက်ဆီးခြင်းခံရသည့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာမှ ကားတစ်စီးကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ယင်းမာပင်မြို့

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာကို စစ်ကောင်စီက ဩဂုတ်လ ၁၁ ရက် နေ့ကနေ ၁၄ ရက်နေ့အထိ သုံးရက်ကြာ မြေပြင်ရော၊ ဝေဟင်ကပါ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ်လ ၁၇ ရက် ဒီနေ့အထိ သေဆုံးသူ ၁၉ ဦးအထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကနဲ့ ဒီနေ့မှာ အလောင်းနှစ်လောင်း ထပ်တွေ့ရပြီး ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရင်ပေါင်တိုင်ရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပုလဲနဲ့ ယင်းမာပင်အစပ်က ရွာတွေကို စစ်ကြောင်းထိုးနေတာ။ ရွာတွေကသူတွေလည်း သူတို့လာရင် ထွက်ပြေးလိုက်၊ သူတို့ထွက်သွားရင် ပြန်ဝင်လိုက်လုပ်နေရတယ်။ သူတို့ ဦးတည်ချက်က ဘယ်လဲဆိုတာကို မသိနိုင်ဘူး။ ဝင်လိုက်၊ ထွက်လိုက် လုပ်နေကြတာ။ ရင်ပေါင်တိုင်မှာ မနေ့က အလောင်းတစ်လောင်း ထပ်တွေ့တယ်၊ ဒီမနက် တစ်လောင်း ထပ်တွေ့တယ်"

သေဆုံးသူတွေထဲမှာ အသက် ၁၀ နှစ်ကနေ အသက် ၈၀ ကျော်အထိ ပါဝင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ ဒီကနေ့အထိ ရင်ပေါင်တိုင်ရွာအနီးတစ်ဝိုက် ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အကြားရွာတွေကို စစ်ကြောင်းထိုးနေတာလို့ လည်း ဒေသခံတွေက ပြောပါတယ်။

ရင်ပေါင်တိုင်ရွာကနေ စစ်ကြောင်း ထွက်သွားပြီးနောက် ဓားစာခံအနေနဲ့ ပစ္စည်းတွေ သယ်ပေးဖို့ ဖမ်းခေါ်သွားတဲ့ ၂၃ ဦးထဲက အသက် ၆၀ အရွယ် တစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် တစ်ဦးကိုတော့ ကျန်းမာရေး အခြေအနေကြောင့် ဒီကနေ့မှာပဲ ပြန်လွှတ် ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်ဘက်က ချင်းကာကွယ်ရေးအဖွဲ့ (CDF) တွေ လက်နက်တွေနဲ့ ရောက်နေ တယ်လို့ စစ်ကောင်စီ တပ်သားတွေဘက်က သတင်းရတယ်ဆိုပြီး ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အစပ်ကို အခုလို ပြင်းပြင်းထန်ထန် စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။