တိုင်းရင်းသားပါတီတွေကို မဲပေးဖို့ ကရင်လူငယ်ကွန်ရက် တိုက်တွန်း

မင်းခိုင်စိုးလင်း
2020-09-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကရင်နိုင်ငံရေးပါတီတွေ ဝင်မပြိုင်တဲ့ မဲဆန္ဒနယ်တွေမှာ တခြားတိုင်းရင်းသားလူမျိုးစုပါတီ အမတ်လောင်းတွေကို မဲပေးကြဖို့ ကရင်တိုင်းရင်းသားတွေကြားထဲမှာ တိုက်တွန်းလှုံ့ဆော်မှုတချို့ ရှိနေပါတယ်။

မွန်ပြည်နယ်မှာရှိတဲ့ ကရင်တိုင်းရင်းသားတွေကို မွန်ပြည်နယ်အခြေစိုက် ကရင်လူငယ်ကွန်ရက်က လှုံ့ဆော်တိုက်တွန်းနေပါတယ်။

တိုင်းရင်းသားတွေရဲ့ သဘောထားကို တိုင်းရင်းသားအချင်းချင်းက ပိုနားလည်ပြီး ဖိနှိပ်ခံရတဲ့ ခံစားချက်ခြင်း တူကြတာကြောင့် အခုလိုတိုက်တွန်းတာလို့ မွန်ပြည်နယ်အခြေစိုက် ကရင်လူငယ်ကွန်ရက် တာဝန်ခံ စောသောကြာ က RFA ကို ပြောပါတယ်။

“ကရင်ဖြစ်ပြီးတော့ မွန်လူမျိုးကို ကိုယ်စားပြုတဲ့ မွန်ပါတီနဲ့ ပအိုဝ်းလူမျိုးကို ကိုယ်စားပြုတဲ့ ပအိုဝ်းပါတီ တွေကို ဘာလို့မဲပေးလဲဆိုတော့ တိုင်ရင်းသားအချင်းချင်း၊ တိုင်းရင်းသား အချင်းချင်းသဘောတွေကို တိုင်းရင်းသား အချင်းချင်းက ပိုနားလည်တယ်။ ရခိုင်မှာဖြစ်နေတဲ့ အနေအထားနဲ့ အရင်က KNU နဲ့ ဖြစ်နေတဲ့ အနေအထားက တိုင်းရင်းသားတွေက သူ့ခံစားချက် ကိုယ့်ခံစားချက် ဖိနှိပ်မှုအတူတူဖြစ်နေတဲ့အတွက် ဒါကြောင့် ကျွန်တော်တို့ မဲပေးတာက တစ်ပိုင်းပေါ့နော်”

လာမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားလူနည်းစုပါတီ ကိုယ်စားပြု အမတ်လောင်းတွေ အနိုင်ရရှိခဲ့မယ်ဆိုရင် လွှတ်တော်ထဲမှာ ပူးပေါင်းဆောင်ရွက်စေချင်တဲ့ ဆန္ဒရှိတယ်လို့လည်း ဆိုပါတယ်။

မွန်ပြည်နယ်မှာ ကရင်တိုင်းရင်းသား ၃ သိန်း ၆ ထောင်ကျော် ရှိပါတယ်။

ကရင်လူငယ်ကွန်ရက်ရဲ့ ထုတ်ပြန်ချက်ဟာ တိုင်းရင်းသားတွေကြား ညီညွတ်ရေးကိုဖြစ်စေတယ်လို့ ယူဆတဲ့ အတွက်  မွန်ပြည်နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ပြည်နယ်စည်းရုံးရေးမှူး ခွန်အောင်မျိုးသိန်းက ကြိုဆိုလိုက်ပါတယ်။

“ဒီလိုမျိုးထုတ်ပြန်တဲ့အတွက်ကြောင့် ပအိုဝ်းလူငယ်နဲ့ ကရင်လူငယ်တွေကြား မွန်လူငယ်နဲ့ ကရင်လူငယ် တွေကြား ဒီကြားထဲမှာ ကျွန်တော်တို့ အင်မတန် အားကောင်းတဲ့ ညီညွတ်ရေး အခြေခံကောင်းတွေကို တည်ဆောက်ပြီးသား ဖြစ်သွားတာပေါ့၊ ဒါကတော့ တိုင်းရင်းသား လူငယ်အချင်းချင်းကြားမှာလည်း နောင်တစ်ချိန်ချိန်မှာ တိုင်းရင်းသားရေးရာကိစ္စ ဆောင်ရွက်တဲ့အခါ အထောက်အပံ့ ဖြစ်စေတယ်။ ပအိုဝ်းလူငယ်နဲ့ ပအိုဝ်းအမျိုးသားတွေအနေနဲ့လည်း ပအိုဝ်း နိုင်ငံရေးပါတီ ဝင်မပြိုင်တဲ့နေရာတွေမှာ ကရင်နိုင်ငံရေးပါတီနဲ့ မွန်နိုင်ငံရေးပါတီတွေကို မဲပေးဖို့ လှုံ့ဆော်စည်းရုံးမယ့် အစီအစဉ်တွေရှိတယ်”

မွန်ပြည်နယ်မှာ ပါတီကြီးတွေကပဲ အများစု အနိုင်ရခဲ့တာ တွေ့ရမှာပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ၂၀၁၅ မှာ အပြတ်အသတ် အနိုင်ရတာကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါ။ ပါတီကြီးတွေကို နိုင်ဖို့ဆိုရင် မတူညီတဲ့ တိုင်းရင်းသား လူမျိုးစုတွေက လိုအပ်သလို ကျောချင်းကပ်ရမယ်ဆိုတဲ့ အယူအဆကို အကောင်အထည်ဖော်နေကြတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ ကရင် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကရင်ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း နော်ဆာထူးက ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ပြောပါတယ်။

“သူတို့ရဲ့ ဝန်းရံမှုအပေါ်မှာ ဝမ်းသာလည်း ဝမ်းသာမိတယ်။ ထိုနည်းတူစွာ ကျွန်မတို့ ကရင်ပြည်သူ့ပါတီ မဝင်တဲ့ နေရာဒေသတွေမှာ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ ဖြစ်ကြတဲ့ ပအိုဝ်း သော်လည်းကောင်း၊ မွန်တိုင်းရင်းသား သော်လည်းကောင်း ပံ့ပိုးမှုအတွက် အင်မတန်မှ ဝမ်းသာကြည်နူးမိသလို ကျွန်မတို့ ဒီမွန်ပြည်နယ် ဖွံ့ဖြိုးဖို့ တိုးတက်ဖို့ အဓွန့်ရှည်ဖို့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကတိပေး ချင်တယ်”

မွန်ညီညွတ်ရေးပါတီရဲ့ ဗဟိုအောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူး နိုင်သန်းရွှေကလည်း ကရင်လူငယ်ကွန်ရက် ရဲ့ ထုတ်ပြန်ချက်ဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ကောက်ချက်ချပါတယ်။

“မွန်ညီညွတ်ရေးပါတီက ဝင်ရောက်မယှဉ်ပြိုင်နိုင်တဲ့ မဲဆန္ဒနယ်တွေမှာလည်း တခြား တိုင်းရင်းသားပါတီ တွေကို မဲပေးဖို့ ကျွန်တော်တို့ ပြောထားပါတယ်။ ကျွန်တော်တို့ ပေါင်းစည်း  ၅ ပါတီထဲမှာလည်း တိုင်းရင်းသားတွေကို မဲပေးဖို့ ပြောထားတာရှိပါတယ်။ ဒီလို တိုင်းရင်းသား အချင်းချင်း ကူညီပေးတာဟာ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုအတွက် အများကြီး အကျိုးပြုစေတယ်” လို့ မွန်ညီညွတ်ရေးပါတီ (ဗဟို) မဲအောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူး နိုင်သန်းရွှေက ပြောပါတယ်။

ကရင်တိုင်းရင်းသားပါတီတွေထဲက ကရင်ပြည်သူ့ပါတီ တစ်ခုတည်းကသာ ဘီးလင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရောနဲ့ ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီကတော့ မွန်ပြည်နယ်၊ ပအိုဝ်း တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာနဲ့ သထုံမြို့နယ်အတွင်း မဲဆန္ဒနယ်တွေမှာသာ ရွေးကောက်ပွဲ ဝင်ပြိုင်မှာဖြစ်ပါတယ်

မွန်ညီညွတ်ရေးပါတီကတော့ မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီတို့က မဲဆန္ဒနယ် ၆၇ နေရာမှာ ရွေးကောက်ပွဲဝင်မှာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့