ကော့မှူးမဲဆန္ဒနယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်သူတွေပြိုင်မလဲ

ဝေမာထွန်း
2020.07.24

၂၀၂၀ ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တိုက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေရှိသလို တချို့ပါတီတွေကတော့ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်လို့ အဲဒီနယ်မြေမှာ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်လိုက်ကြပြီး တသီးပုဂ္ဂလ ဝင်ပြိုင်မယ်လို့ လျာထားပြီးမှ ပြောင်းရွှေ့ယှဉ်ပြိုင်ဖို့ စဉ်းစားနေရသူတွေလည်း ရှိနေပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့တဲ့ ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကနေပဲ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် က ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ NLD က ကြေညာလိုက်ပါပြီ။

အဲဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ့်အစီအစဉ်ရှိလားလို့  ပြည်မက လူထုစိတ်ဝင်စားမှုများတဲ့ နိုင်ငံရေးပါတီတချို့ကို RFA က မေးမြန်းခဲ့ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP နဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBP တို့က ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ထုတ်ဖော်ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ကိုယ်စားလှယ်လောင်း အမည်ကို လတ်တလော ထုတ်မပြောနိုင်သေးပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပြိုင်လို့ဆိုပြီး မူလလျာထားသူကို အပြောင်းအလဲမလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

“ကော့မှူးမှာလည်း ပြိုင်မှာပါ။ ကျွန်တော်တို့ ဘာမှ မပြင်ဆင်ပါဘူး။ ကျွန်တော်တို့မှာ မူဝါဒရှိပြီးသား ဒေသ ပါတီက ရွေးချယ်ပေးတဲ့သူကပဲ ဒီဒေသမှာပြိုင်မှာ။ အဲထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြိုင်လို့ ဘယ်သူပြိုင်လို့ အဲလိုမရှိဘူး။ အဲကိုယ်စားလှယ်ကိုလည်း လျာထားပြီးသား။ CEC အတည်ပြုပြီး ထုတ်ပြန်ပေးဖို့ပဲ ကျန်တော့ တာ။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာလို့လည်း ကျွန်တော်တို့ ဗဟိုက ဟိုသူပြောင်းမယ်၊ ဒီသူပြောင်းမယ် မရှိဘူး။ သူ့ဒေသက ရွေးတဲ့သူ သူဒေသမှာပြိုင်။ ဘယ်သူလာလာ သူပြိုင်မှာပဲ”

သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကလည်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်အရွေးခံဖို့ ပြင်ဆင်နေပါတယ်။

UBP ရဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို အခုလ ၃၁ ရက်နေ့ ဒါမှမဟုတ် သြဂုတ်လ ၁ ရက်နေ့မှာ ကြေညာသွား မှာဖြစ်ပြီး တစ်နိုင်ငံလုံးက မြို့နယ်စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းမှာ ရွေးကောက်ပွဲဝင်မှာပါ။UBP ပါတီမူဝါဒအရ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေက ယှဉ်ပြိုင်လိုတဲ့မဲဆန္ဒနယ်ကို အဆိုပြုလွှာတင်ရပြီး ပါတီဗဟိုက သင့်တော်တဲ့သူကို ယှဉ်ပြိုင်ခွင့်ပေးမှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းကို မနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို အစောဆုံး ထုတ်ပြန်တဲ့ပါတီ လည်းဖြစ်ပါတယ်။

NLD က ကိုယ်စားလှယ်လောင်းစာရင်းတွေ မထုတ်ပြန်ခင်က ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကနေ ရွေးကောက်ပွဲမဝင်တော့ဘူးဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။ အခုလဆန်း ၇ ရက်နေ့က အလုပ်သမား၊ လယ်သမားနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကနေ တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁၁ ဦး စာရင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာရင်းအရ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်နေရာကနေ လယ်သမားအရေး ဆောင်ရွက်နေသူ ဒေါ်စုစုနွေးက ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျာထားတာပါ။

အခုတော့ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်လို့ ဒေါ်စုစုနွေးက အဲဒီနေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နောက်ဆုတ်လိုက်ပါပြီ။

“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို အန်တီ ဒေါ်အောင်ဆန်းစုကြည် မဝင်လို့ ကျမ ဝင်တာလို့ ပြောခဲ့တယ်လေ။ အဲအချိန်တုန်းက ဒေါ်ကြည်ကြည်ဝင်း ဝင်မယ်။ ဝင်လို့ရှိရင် ပြိုင်ဖို့အတွက်ပေါ့။ ကိုယ်စားလှယ်နေဖို့ အိမ်တွေဘာတွေရော အကုန်လုံးပြင်ဆင်ပြီး ထားတာရှိတယ်ပေါ့။ ၂၃ ရက်နေ့ကျမှ အန်တီ ဒေါ်အောင်ဆန်းစုကြည်က သူဝင်ပြိုင်မယ်ဆိုပြီး သတင်းက ထွက်လာတာ။ ကျမက NLD မှာ ဝင်ခဲ့တယ်။ ကော့မှူးမြို့နယ် လူငယ်ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တယ်။ အဖွဲ့ချုပ်ရုံးမှာလည်း လုပ်ကိုင်ခဲ့တဲ့ သူဖြစ်တယ်။ အဲဒါကြောင့်မို့ NLD ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြိုင်လို့ရှိရင် ကျမ နောက်ဆုတ်ပေးမယ်ပေါ့။ ကျမ နာမည်စာရင်းတင်ပြီးမှ သူက ဘာသဘောနဲ့ ဒီဘက်ကို ပြန်ဆင်းလာတာလည်း မသိဘူး”

ဒေါ်စုစုနွေးဟာ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး ၁၉၉၀ ကစလို့ NLD ပါတီကို ထောက်ခံဝန်းရံခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကနေ ဝင်ရောက်အရွေးခံပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ ဦးဆောင်ထူထောင်ထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကတော့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်နေရာကနေ ရွေးကောက်ပွဲဝင်ဖို့ အစီအစဉ်မရှိပါဘူး။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတ ဦးဝင်းမြင့် ဝင်ရောက်ယှဉ်ပြိုင်မယ့်နေရာတွေမှာ ပြည်သူ့ရှေ့ဆောင် ပါတီက ရွေးကောက်ပွဲဝင်မှာ မဟုတ်ဘူးလို့ ပါတီရဲ့ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောပါတယ်။

“လျှောက်တဲ့သူတော့ရှိတယ်။ လျှောက်တဲ့သူအနေအထားကို အင်တာဗျူးလိုက်တော့ အသုံးမတည့်နိုင်ဘူးဆိုပြီး ထားလိုက်တာ။ နိုင်ငံတော် အတိုင်ပင်ခံကြီးက ကြားဖြတ်တုန်းကလည်း ကော့မှူး နောက် ၂၀၁၅ မှာတုန်း ကလည်း ကော့မှူး၊ ကော့မှူး ဆိုတော့ စပြီး ဒေါ်အောင်ဆန်းစုကြည် ပြိုင်ခဲ့တဲ့နေရာ ဒါကသူရဲ့ အောင်မြေ ပဲလေ။ ပြည်သူလူထုအများစုရဲ့ ဒီမိုကရေစီ idol ကြီးပဲလေ။ သူပြိုင်တဲ့နေရာတော့ သူ့ဘာသာသူပြိုင်ပေါ့။ ပြည်ခိုင်ဖြိုးတုန်းကလည်း ဒေသခံ ဒေါက်တာကြီးလား မသိဘူး။ ဒေါက်တာကလည်း တော်တော်လည်း ကူညီတဲ့သူဖြစ်ပါလိမ့်မယ်၊ နိုင်ငံရေးအရလည်း မလုပ်သင့်ဘူးဆိုပြီး သုံးသပ်ထားတာတာ။ ဒေါ်အောင်ဆန်း စုကြည်မှ မဟုတ်ဘူး။ တာမွေက ပြည်သူ့လွှတ်တော် နေရာလည်း သမ္မတကြီး ပြိုင်မယ်ထင်တယ်။ တာမွေ မှာလည်း အမျိုးသား လွှတ်တော်ပြိုင်မယ်။ တိုင်းဒေသကြီးလည်း ပြိုင်ဖို့များတယ်။ ပြည်သူ့လွှတ်တော်တော့ ပြိုင်ဖို့မရှိဘူး”

၈၈ မျိုးဆက် ကျောင်းသားတွေ အများစုဦးဆောင်တည်ထောင်ထားတဲ့ ပြည်သူ့ပါတီကတော့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ရွေးကောက်ပွဲ ဝင်၊ မဝင် ထုတ်မပြောသေးပါဘူး။

“ကျွန်တော်တို့ လကုန်လောက်ကျရင် သတင်းထုတ်မယ်လေ။ ကျွန်တော်တို့က အကုန်လုံးကို တပြိုင်တည်း ထုတ်မယ်ပြောတဲ့အတွက် လောလောဆယ်တော့ အစည်းအဝေး ဆုံးဖြတ်ချက်ရှိတော့ ပြောလို့မရသေးဘူး။ အဲဒီအပေါ်မှာ Comment ပေးလို့ မရသေးဘူးပေ့ါနော့်”

ပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင် ပြောသွားတာပါ။

ပြည်သူ့ပါတီက တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ကိုယ်စားလှယ်လောင်း ဦးရေ ၁၂၀ ကနေ ၁၄၀ ကြား ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီတို့နဲ့ ယှဉ်ပြိုင်ခဲ့ပြီး အောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ သူမနဲ့အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်း၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက  ကိုယ်စားလှယ်လောင်း ဦးညီဝင်းတို့ ဝင်ရောက်အရွေးခံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ အောင်နိုင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။