ရွေးကောက်ပွဲနီးလာချိန် ရှမ်းမြောက်မှာ တိုက်ပွဲဆက်ဖြစ်
2020.10.07
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံဝိုး၊ တောင်ထိပ် စတဲ့ကျေးရွာတွေနဲ့ ကျောက်မဲမြို့အနီးက ကျွဲကုန်းကျေးရွာ အနီးမှာ တပ်မတော် နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ အောက်တိုဘာ လဆန်းကစပြီး ဒီနေ့ အောက်တိုဘာလ ခုနှစ်ရက်နေ့ အထိ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်နေပါတယ်။
တိုက်ပွဲကြောင့် ပုံဝိုးတောင်ထိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် တစ်ထောင်နီးပါး ရှိလာနေပြီလို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက RFA ကို ပြောပါတယ်။
အောက်တိုဘာလ ၇ရက်နေ့ ဒီကနေ့အထိ ကျောက်မဲမြို့အထွက် ဆယ်မိုင်အကွာလောက်က ကျေးရွာတွေမှာ နှစ်ဖက်တပ်တွေ စစ်ရေးပိုမို တင်းမာနေတာကြောင့် ရွေးကောက်ပွဲမဲဆွယ် စည်းရုံးကြမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ အခက်တွေ့နေကြပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးထက် လူထုအသက်လုံခြုံရေးနဲ့ ထွက်ပြေးနေရသူတွေအရေး ဦးစားပေးနေ ရတယ်လို့ ကျောက်မဲမြို့နယ်ကနေ ပြည်နယ်လွှတ်တော်အတွက် ဝင်ပြိုင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းအိမွန်အောင်က ပြောပါတယ်။
လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ SNLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်ခမ်းကလည်း ရွေးကောက်ပွဲကာလ တပ်မတော် စစ်ကြောင်းတွေ ပိုမိုလှုပ်ရှားလာတာဟာ မဲဆွယ်ရေးမှာ စိန်ခေါ်မှုတစ်ခုလို ဖြစ်နေတယ်လို့ သုံးသပ်ပါတယ်။
ရွေးကောက်ပွဲမှာ မဲပေးမယ့် မသန်စွမ်းအရေးလှုပ်ရှားသူ ကွတ်ခိုင်မြို့ခံ ကချင်အမျိုးသမီး မိုင်းမိုင်ကတော့ တိုက်ပွဲတွေကြောင့် မဲရုံတွေ မထားပေးမှာကို စိုးရိမ်နေတာပါ။
ရွေးကောက်ပွဲနီးချိန် ရှမ်းပြည်မှာ အခုလိုတိုက်ပွဲတွေဖြစ်တာဟာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုလိုပဲလို့လည်း သူကဆိုပါတယ်။
အခုဆိုရင် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပဖို့ ၃၂ ရက်သာ လိုပါတော့တယ်။
တိုက်ပွဲတွေကြောင့် နယ်မြေမတည်ငြိမ်လို့ မဲရုံတွေ နေရာအနှံ့မထားနိုင်မှာ စိုးရိမ်ကြသလို လုံခြုံရေးကြောင့် ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ မဲရုံသွားပြီး ဆန္ဒမဲ မပေးရဲကြမှာကို ရှမ်းပြည်နယ်မြောက်ပိုင်းက အမတ်လောင်းတွေနဲ့ ဒေသခံတွေ စိုးရိမ်နေကြတာပါ။
တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ RCSS တပ်ဖွဲ့ရဲ့ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးက တိုက်ပွဲတွေ ရပ်တန့်ဖို့ဆိုတာ တပ်မတော်ရဲ့ထိုးစစ်အပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။
အရင်ရွေးကောက်ပွဲတွေမှာလဲ တိုင်းရင်းသားဒေသက မဲရုံတွေအနီးမှာ တိုက်ပွဲတွေရှိတာကြောင့် ပြည်သူလူထုက ကြောက်လန့်ပြီး မဲမပေးခဲ့ကြတာတွေရှိသလို ဒီနှစ်ရွေးကောက်ပွဲနီးချိန်မှာလဲ ထိုးစစ်တွေ ပိုလာနေတာကြောင့် အရင်ရွေးကောက်ပွဲတွေလိုပဲ ဖြစ်လာနိုင်တယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်း အိုက်ကျော်က သုံးသပ်ပါတယ်။
ကွတ်ခိုင်မြို့နယ်နဲ့ မူဆယ်မြို့နယ်တွေမှာတော့ တပ်မတော်ဘက်က တပ်မ ၉၉၊ တပ်မ ၈၈ တပ်တွေ အရင်ကထက်ပိုပြီး ထိုးစစ်ဆင်လာနေတယ်လို့ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လက်ရှိ ကပ်ဘေးကာလနဲ့ ရွေးကောက်ပွဲကာလမှာ တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာ မရှိဘူးလို့ ငြင်းဆိုပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကသာ နယ်မြေကျော်လွန်လာတာတွေ၊ တပ်မတော် တပ်စခန်းတွေကို တိုက်တာတွေ ရှိနေတယ်လို့ သူကဆိုပါတယ်။
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တပ်မတော်ဘက်က ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
လက်ရှိမှာလဲ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတွေနဲ့ နယ်မြေမတည်ငြိမ်တဲ့ ရခိုင်ပြည်နယ်အတွင်းကို တပ်မတော်လေယာဉ်၊ ရေယာဉ်တွေ သုံးပြီး ဆန္ဒမဲပုံးတွေ မဲလက်မှတ်တွေကို တပ်မတော်က ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ရှမ်းပါတီနှစ်ခုဖြစ်တဲ့ ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ကျားဖြူပါတီလို့ ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ “ဝ” အမျိုးသားပါတီ၊ ကချင်၊ ကိုးကန့်၊ လီဆူ၊ လော်ဝေါ် နဲ့လားဟူ ပါတီတွေအပြင် ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူ လယ်သမား အလုပ်သမား ပြည်သူ့ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီစတဲ့ ပါတီတွေက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)