အာဏာသိမ်းစစ်ခေါင်းဆောင်တွေ လူမျိုးတုံးသုတ်သင်မှုမှာ တာဝန်ရှိကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးပြော

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-05-12
Share

 

မြန်မာနိုင်ငံမှာ လက်ရှိအာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေဟာ မွတ်စလင်အများစုဖြစ်တဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သုတ်သင်မှု ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မနေ့က ပြုလုပ်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံကို ၁၉၉၉ ခုနှစ်ကတည်းကစပြီး ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ရတဲ့ အခြေအနေရှိတဲ့နိုင်ငံ Country of particular Concern (CPC) အဖြစ် ဆက်လက်ထည့်သွင်းထားတာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့်၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ပြန်လာခွင့်မရသေးတဲ့အပြင်၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသုတ်သင်မှု ကျူးလွန်ခဲ့တဲ့သူတွေကို ခုံရုံးတင် စစ်ဆေးပြီး အပြစ်ပေးနိုင်ခြင်း မရှိသေးတာနဲ့ စစ်ခေါင်းဆောင်တွေကိုယ်တိုင်က မွတ်စလင်ဆန့်ကျင်ရေးနဲ့ လူမျိုးရေးမုန်းတီးမှု ပါတဲ့ အမုန်းစကားတွေ ဖြန့်ချိနေတာ စတဲ့ အချက်တွေကို ထောက်ပြပြီး၂၀၂၀ ပြည့်နှစ်အတွက် ထုတ်ပြန်လိုက်တဲ့ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံကို CPC နိုင်ငံစာရင်းမှာ ဆက်လက်ထည့်သွင်းထား ပါတယ်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က Phil Robinson က မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့်အတွက် စိုးရိမ်ရတဲ့ နိုင်ငံအဖြစ် ထည့်သွင်းထားတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လက်ရှိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်မှာကော၊ အဲဒီမတိုင်ခင် အရပ်သား အစိုးရ လက်ထက်မှာပါ ပြည်သူတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့် အခွင့်အရေး ခြိမ်းခြောက်ခံနေရတာ ကြာပါပြီ။ အစ္စလာမ် နဲ့ ခရစ်ယာန် ဘာသာဝင်တွေ အပါဝင် ဘာသာရေး လူနည်းစုတွေဟာ သူတို့ရဲ့ ကိုးကွယ်ရာ ဘုရားကျောင်း ဗလီတွေ ပြင်ဆင်ခွင့် အသစ် တည်ဆောက်ခွင့် စတဲ့ အပိုင်းတွေမှာ ခွဲခြားဆက်ဆံခံနေရပါတယ်။ သာသနာရေး ဝန်ကြီးဌာနဟာ ဗလီနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေ တည်ဆောက်ခွင့်ကို အထူးပဲ တင်းကြပ်ထားပါတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ အတည်ပြု ပြဒါန်းခဲ့တဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး ဥပဒေအရလည်း ဘာသာရေး လူနည်းစုတွေကို ခွဲခြား ဆက်ဆံရာရောက်ပါတယ်။ ဒါကြောင့်လည်း အမေရိကန် အစိုးရကနေ မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာအခြေအနေရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်တာ ဖြစ်သင့်ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာအစိုးရကို ဘာသာရေးလွတ်လပ်ခွင့်ကို လေးစားလိုက်နာဖို့နဲ့ မြန်မာပြည်သူတွေ လွတ်လပ်စွာကိုးကွယ်ခွင့် ပြုဖို့ အတွက် ဆက်လက် ဖိအားပေးသင့်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်အတွက် အာမခံချက် ပေးထားပြီး၊ မည်သည့် ဘာသာတရားကိုမှ စော်ကား ပုတ်ခတ်ခြင်း မပြုဖို့ ဥပဒေပြဒါန်းထားပေမယ့်၊ လက်တွေ့မှာ ဥပဒေအတိုင်း မဖြစ်တဲ့အကြောင်းနဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေဟာ လူမျိုးရေးနဲ့လည်း ဆက်စပ်နေတာ တွေ့ရတယ်လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်က နိုင်ငံတော် သံဃမဟာနာယကကော်မတီကနေ မဘသအဖွဲ့ကို မတရားအသင့်းအဖြစ် ထုတ်ပြန်ကြေညာခဲ့ပေမယ့်၊ မဘသ အမည်ခံ အဖွဲ့ခွဲတွေ အမြောက်အများ ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်တာတွေ့ရကြောင်း၊ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဘသ အဖွဲ့နဲ့ ဆက်စပ်မှုရှိတဲ့ အမတ်လောင်း ၁၀၀ ထက်မနည်း ဟာ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေး ပါတီတွေကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း၊ ဘာသာရေး လွတ်လပ်ခွင့်ဟာ အမေရိကန်နိုင်ငံ နိုင်ငံခြားရေး မူဝါဒရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ကြောင်းလည်း အစီရင်ခံစာမှာ ပါရှိပါတယ်။

အလားတူပဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေလည်း ရှိခဲ့ပြီး၊ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးကို ရခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ ခရစ်ယာန် ဘုရားကျောင်းတွေ ဖွင့်ခွင့် မပြုတဲ့ ဖြစ်ရပ်တွေကို ထောက်ပြထားပါတယ်။

တဖက်မှာလည်း အရပ်ဘက် အဖွဲ့အစည်းတွေ့ ဦးဆောင်တဲ့ ဘာသာပေါင်းစုံ ညီညွတ်ရေး လှုပ်ရှားမှုတွေ အားကောင်လာပြီး၊ ပြီးခဲ့တဲ့နှစ်က အစ္စလာမ် ဘာသာဝင်တွေပေါ် ခွဲခြားဆက်ဆံမှု မပြုဖို့ White rose campaign လှုပ်ရှားမှုတွေ ပေါ်ထွက်လာခဲ့တာကိုလည်း အသိအမှတ်ပြုထားတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့