ကသာမြို့တိုက်ပွဲမှာ အရပ်သားရာချီပိတ်မိနေဆဲ

စစ်ကိုင်းတိုင်း ကသာမြို့မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး မြို့ပေါ်မှာ ပိတ်မိနေသူတွေ ရာနဲ့ချီ ရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲရှိခဲ့ပြီး ဇန်နဝါရီလ ၄ ရက်နေ့အထိ မြို့ထဲမှာ ပိတ်မိနေတဲ့သူ ရာနဲ့ချီ ရှိသေးတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) လက်အောက်ခံ ကသာအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၃၀၉ နဲ့ မြို့စောင့်ကင်းစခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA)တို့ က ရွေးကောက်ပွဲပထမပိုင်းကျင်းပတဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာဝင်တိုက်ခဲ့တာပါ။

မြို့ခံအများစုဟာ မိုးညှင်း၊ မော်လူး ၊ မဲဇာနဲ့ မန္တလေးမြို့တွေအထိ ထွက်ပြေးနေရပါတယ်။

ပိတ်မိနေတဲ့သူတွေထဲက အသက် ၅၀ ဝန်းကျင် မိခင်အပါအဝင် အသက် ရှစ်နှစ်အရွယ်ညီမနဲ့ ဖုန်းအဆက် အသွယ်ခဏရပြီး ပြတ်သွားတယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဖုန်းကလည်း ဒီဘက်ကနေ ဆယ်ခါ လောက်အော်မှ ဟိုဘက်က တစ်ခါကြားရတယ်။ အမေ လယ်ကွင်းဘက်ကနေ လာ​ပြောတယ်လို့ ပြောတယ်။ ဘယ်လယ်ကွင်းလဲတော့ မသိ။ လယ်ကွင်းထဲက လာပြောတယ်လို့ ပြောတယ်တဲ့ ဟိုဘက်ကနေဆို သေချာပြောလို့ မရဘူးတဲ့။ “

သူတို့နေတဲ့ ရပ်ကွက်နားကို လက်နက်ကြီးတွေကျလို့ ကျောင်း၊ နေအိမ်၊ အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီး တဲ့အတွက်ကြောင့်ဘုန်းကြီးကျောင်းမှာ ခိုအောင်းနေရတယ်လို့ ဆိုပါတယ်။

မြို့အဝင်အထွက်မှာလည်း စစ်ကော်မရှင်လက်အောက်ခံတပ်ရှိနေတာကြောင့် ထွက်လို့မရသလို မြို့မကျောင်းဘုန်းကြီးကျောင်းဘက်နဲ့ မိုးကုတ်ရိပ်သာထဲမှာလည်း လူရာနဲ့ချီ ပိတ်မိနေတယ်လို့ ပြောပါတယ်။

အဲဒီမှာ ပိတ်မိနေတဲ့ မိခင်နဲ့ ညီမဖြစ်သူကို အဝေးကနေ စိတ်ပူနေရပြီး တတ်နိုင်သလောက်လှမ်းကူညီနေတယ်လို့ အဝေးရောက်မိသားစုဝင်တစ်ဦးက RFA ကိုပြောပြပါတယ်။

“သူတို့ ပြေးနေရတဲ့သူက အိပ်ရလား မရလား မသိဘူး။ သူတို့ ၃၀ ၊ ၃၁ စဖြစ်တဲ့နေကစပြီး ဒီနေ့အထိ ကောင်းကောင်းကို အခုအချိန်အထိ မအိပ်ရဘူး။ ညရော မနက်ရော ဒီလိုင်းပေါ်မှာပဲ ကြည့်လိုက် ဖုန်းဆက်လိုက် ရသလောက် ဖုန်းဘေလှမ်းထည့်လိုက် ပိုက်ဆံကို ဟိုလူ့သွားပေးခိုင်းရ ဒီလူ့သွားပေးခိုင်းရ ညီမက အကြီးဆုံး လေ။ ပိုင်ဆိုင်တာမှ ဒီမိသားစုလေးပဲ ရှိပါတယ်ဆို ဆုံးရှုံးလို့မှ မရတာ။ အဲဒါကြောင့် ရသလောက် အကုန် လုပ်ပေးနေရတာပေါ့။ ညီမ ငိုနေရတဲ့ အထိပါပဲ”

ဇန်နဝါရီလ ၃ ရက်နေ့ မနက်ပိုင်းကတော့ တိုက်ပွဲ ဖြစ်သံတွေမကြားရပဲ ငြိမ်သက်နေတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

“အကုန်ဆုတ်သွားကုန်ပြီ။ အကုန်ဆုတ်သွားပြီ။ အေးချမ်းသွားပြီ။ ဘာအသံမှ မကြားရတော့ဘူး။ မြို့တွင်းထဲ ဘာမှ မဖြစ်ဘူးဗျ။ ကသာ နယ်စွန်နယ်ဖျားလောက်ပဲ ဖြစ်တာ။”

နှစ်ဖက်တိုက်ပွဲနောက်ဆုံးအခြေအနေနဲ့ တော်လှန်ရေးတပ်တွေပြန်ဆုတ်ခွါတယ်ဆိုတာနဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုလို့မရသေးပါဘူး။

စစ်ကော်မရှင်ဘက်ကလည်း ကသာမြို့အခြေအနေနဲ့ပတ်သက်လို့ တရားဝင်သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ဘေးဒုက္ခသည်တွေကတော့ နီးစပ်ရာမြို့ရွာတွေနဲ့ တောတောင်တွေမှာ တိမ်းရှောင်နေကြရပြီး နှစ်ဖက်စစ်ဆေးရေးဂိတ်တွေကြောင့် ပိတ်မိနေတဲ့ အခက်အခဲတွေလည်းရှိတယ်လို့ ပြောပါတယ်။

RFA