မြန်မာစစ်တပ်က အကြမ်းဖက် အာဏာသိမ်းတဲ့အချိန်ကစပြီး ၂၀၂၆ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ လူပေါင်း ၇၇၃၈ ကျော် သေဆုံးခဲ့ရပြီး ၃၀၃၅၇ ဖမ်းဆီးထောင်ကျခံခဲ့ရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ပါတယ်။
အဖွဲ့က နေ့စဥ်ကောက်ယူထားတဲ့ အဖမ်းအဆီးနဲ့ သေဆုံးအချက်အလက်တွေကို အခြေခံပြီး ထုတ်ပြန်တဲ့ ဒီကြေညာချက်မှာ စုစုပေါင်း သေဆုံးခဲ့ရသူ ၇၇၃၈ အနက် အမျိုးသမီး ၂၀၃၃ ၊ အသက်မပြည့်သေးတဲ့ ကလေး ၁၀၀၁ နဲ့ စစ်တပ်ကနေ ဖမ်းဆီးပြီးမှ သတ်ဖြတ်ခံရသူ ၂၂၃၅ ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အလားတူ ၂၀၂၅ မေလကုန်အထိ စုစည်းထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်း လေးနှစ်ကျော် အတွင်း အရပ်သားနေအိမ်ပေါင်း ၁ သိန်း ၁ သောင်း ၆ ထောင်ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး အများစုဟာ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်ပြည်နယ်ဖြစ်တယ်လို့ လူ့အခွင့်အရေး အချက်လက်ပြုစုသူ Data for Myanmar အဖွဲ့က အစီအရင်ခံစာ ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်းဖြစ်ပေါ်လာခဲ့တဲ့ပဋိပက္ခတွေအတွင်း စစ်တပ်နဲ့ စစ်တပ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ နှစ်ဖက်စလုံးက ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ ၅ နှစ်အတွင်း အနည်းဆုံး ၉၀၀ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB)က ပြောပါတယ်။
