သမ္မတဦးဝင်းမြင့်နေအိမ်ကို လုံခြုံရေးတိုးမြင့်ချ၊ တွေ့ဆုံခဲ့သူတချို့ ခေါ်ယူစစ်ဆေး

အများပြည်သူလေးစားကြည်ညိုတဲ့ သမ္မတနှစ်ဦးတွေ့ဆုံခဲ့အပြီး အခုလို စစ်အာဏာပိုင်တွေက လုံခြုံရေးတင်းကြပ်ပြီး စောင့်ကြည့်ထိန်းချုပ်တာတွေလုပ်လာတာဟုသိရ။

၂၀၂၁ စစ်အာဏာသိမ်းစဥ်ကတည်း ဖမ်းဆီးအကျဥ်းချခဲ့တဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ပြန်လွတ်လာတဲ့နေ့က သမ္မတဟောင်း ဦးထင်ကျော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်တို့နဲ့ တွေ့ဆုံခဲ့အပြီး နေအိမ်ကို စစ်အာဏာပိုင်တွေက လုံခြုံရေးချလိုက်ပြီး တင်းတင်းကြပ်ကြပ် စောင့်ကြည့်တာ၊ တွေ့ဆုံခဲ့သူတွေကို ခေါ်ယူစစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သမ္မတဦးဝင်းမြင့်ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ နှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ နေ့က ပဲခူးတိုင်း တောင်ငူ အကျဉ်းထောင်ကနေ ပြန်လွတ်လာပြီး နေပြည်တော်ကမိသားစုဆီပြန်ရောက်လာတဲ့နေ့မှာပဲ သမ္မတဟောင်း ဦးထင်ကျော်၊ ဇနီးဒေါ်စုစုလွင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်တွေနဲ့ အဖွဲ့ဝင်တစ်ချို့ သွားရောက် တွေ့ဆုံပြီး အပြန်မှာ အခုလို ခေါ်ယူစစ်ဆေးမေးမြန်းခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။

ဒါဟာ အများပြည်သူ လေးစားကြည်ညိုတဲ့ သမ္မတနှစ်ဦးတွေ့ဆုံခဲ့အပြီး နိုင်ငံရေးအရ သက်ရောက်မှုတွေကို စိုးရိမ်တဲ့အတွက် အခုလို စစ်အာဏာပိုင်တွေက လုံခြုံရေးတင်းကြပ်ပြီး စောင့်ကြည့်ထိန်းချုပ်လာတာ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့ နှစ်ဆန်းတစ်ရက်နေ့က လူချင်းတွေ့ဆုံခဲ့သူတွေထဲက ဒေါက်တာမျိုးညွန့်ကို ဧပြီလ ၁၈ ရက်နေ့ က စစ်တပ်ခန့်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ခေါ်ယူစစ်ဆေးခဲ့ပြီး နောက်ရက် ဧပြီ ၁၉ နေ့မှာ ပြန်လွှတ်ခဲ့ တယ်လို့ ဒီအဖြစ်အပျက်နဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

ဒေါက်တာမျိုးညွှန့်ကို စရဖက ခေါ်ယူစစ်ဆေးတာ သမ္မတကြီးအိမ်ကအပြန် အင်တာဗျူးတွေ ဖြေတဲ့ကိစ္စကြောင့် ဖြစ်နိုင်တယ်လို့ သူနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

“ဒေါက်တာမျိုးညွန့်ကို ရန်ကုန်တိုင်း စစ်ဘက် ဆိုင်ရာ လုံခြုံရေး (စရဖ) တပ်ဖွဲ့ကဖုန်းဆက်တယ်၊ လာတွေ့ပါလို့ပြောတယ်။ ပြီးတော့ ဒေါ်တာမျိုးညွှန့် (သူ) က သွားတွေ့တယ်၊ မနက် ၁၁ နာရီ ကျော်လောက်မှာ ပြန်ရောက်တယ်ပြောတယ်။ မနေ့ (ဧပြီ ၁၉ နေ့) က ပါ။ ခေါ်စစ်တဲ့ အသေးစိတ်ကိုတော့ မသိပါဘူး၊ သမ္မတကြီးအိမ်ကအပြန် အင်တာဗျူးတွေ ဖြေတဲ့ကိစ္စကြောင့် ခေါ်ယူစစ်ဆေးတာဖြစ်နိုင်ပါတယ်၊ အတိအကျတော့ မသိရသေးပါဘူး။”

အခု နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ်ထဲမှာ သမ္မတဦးဝင်းမြင့်နေတဲ့အိမ်က သမ္မတဦးဝင်းမြင့်မိသားစု ပိုင်ဆိုင်တဲ့အိမ် မဟုတ်ဘဲ အငှားအိမ်သာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကော်မရှင်ရဲ့ နေပြည်တော် ပြောရေးဆိုခွင့်ရှိသူ နေပြည်တော် ကောင်စီ၊ ကောင်စီဝင်ဖြစ်သူ ဦးမြင့်စိုးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းမှာ စစ်ဗိုလ်ချုပ်တွေက နေပြည်တော်က နိုင်ငံတော်သမ္မတနေအိမ်ကို ဝင်ရောက်စီးနင်းပြီး သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရနဲ့ အာဏာရပါတီဖြစ်တဲ့ NLD ထိပ်ပိုင်းခေါင်းတွေကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် သမ္မတဦးဝင်းမြင့်ကို အမှုပေါင်း ရှစ်မှုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်မှာ ပို့ထားတာပါ။

သမ္မတဦးဝင်းမြင့်ပြန်လွတ်လာပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပြန်လွတ်ခြင်းမရှိသေးသလို ဘယ်နေရာမှာ ချုပ်နှောင်အကျဥ်းချထားတယ်ဆိုတာကို စစ်အာဏာပိုင်တွေက အခုအချိန်ထိ အတိအကျ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။