ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ လိပ်သိုမြို့နယ်ခွဲအတွင်းက ဗဟန်းရွာကို ဧပြီလ ၂၇ ရက် ညနေပိုင်းမှာ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၀ ဦးသေဆုံးကာ ၉ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ လိပ်သိုမြို့ခံတွေက RFA ကို ပြောပါတယ်။
သံတောင်ကြီးမြို့နယ် မြောက်ပိုင်းက ဗဟန်းရွာနဲ့အနီးအနားကရွာတွေကို ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ မိနစ်လေးဆယ်နီးပါး ပစ်ခတ်ခဲ့တာဖြစ်ပြီး နေရာမှာတင် သုံးဦးသေဆုံးခဲ့တယ်လ်ို့ ဆိုပါတယ်။
ဆေးကုသမှုခံယူရင်း သေဆုံးရသူတွေအပါအဝင် ၁၀ ဦး အထိရှိပြီး ဒီအထဲမှာ ရှစ်တန်း ကျောင်းသား တစ်ဦး ပါဝင်တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ လိပ်သိုမြို့ခံတစ်ဦးက ပြောပါတယ်။
“၈ တန်းကျောင်းသားအရွယ် တစ်ယောက်ပါတယ်။ သေဆုံးတာက ဒီနေ့လယ်အထိ ဆယ်ဦးလို့သတင်းရတယ်။ နေရာမှာတင်သုံးဦးသေတယ်။ ဆေးကုဖို့သွားရင်း လမ်းမှာဆုံးကြတာလည်းရှိသိလို ဆေးကုနေရင်း ဒီနေ့ထပ်ဆုံးကြတာရောကြောင့်ပါ။ ဒဏ်ရာရသူတွေအထဲလည်း အသက်မပြည့်သေးတဲ့ ကလေးလေးဦးပါပါတယ်။ သူတို့တွေကိုအသင်းတော်တွေ လူမှုကူညီရေးအဖွဲ့တွေက ဆေးကုသပေးနေပါတယ်”
သံတောင်ကြီးမြို့နယ်ဟာ ဖုန်းလိုင်းဆက်သွယ်ရေး ခက်ခဲတာကြောင့် သေဆုံးထိခိုက်သူတွေနဲ့ ဒဏ်ရာရထားတဲ့ အရပ်သားတွေရဲ့ နာမည်နဲ့အသေးစိတ် အချက်အလက်ကိုတော့ RFA အနေနဲ့သီးခြား အတည်မပြုနိုင်သေးပါဘူး။
လောလောဆယ် ဗဟန်းရွာ အပါအဝင် ကျောက်ကြီးတောင်၊ ဘုံတောင်၊ သာစည်၊ ရွာမစတဲ့ ကျေးရွာ တွေက အရပ်သားနှစ်ရာ ကျော်ဟာ လိပ်သိုမြို့ပေါ်မှာ ဘာသာရေးအဆောက်အဦးတွေမှာ ခိုလှုံနေကြ တယ်လို့ အမည်မဖော်လ်ိုတဲ့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“လက်ရှိ လေကြောင်းတိုက်ခံရတဲ့ ကျေးရွာတွေက သံတောင်ကြီးမြို့နယ် ဆိုပေမယ့် လိပ်သို မြို့နယ်ခွဲဖက် တောင်ငူကနေ ကယားဖက်ကို တက်တဲ့လမ်းဖက်ကရွာတွေပေါ့။ လက်ရှိသိရသလောက်တော့ လိပ်သိုမြို့ပေါ်က အင်္ဂလီကန်(Anglican)အသင်းတော်ကို ရှောင်နေကြတယ်”
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်က စစ်တပ်ခန့်သမ္မတနဲ့ စစ်ဗိုလ်ချုပ်တွေအခြေစိူက်ထားတဲ့ နေပြည်တော် လယ်ဝေးမြို့နယ်က စစ်တပ်ကာကင်းစခန်းတစ်ခုကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် တိုက်ခိုက်ပြီးနောက် ဘေးကပ်ရပ်က သံတောင်ကြီးမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဧပြီလ ၂၄ ရက်ကလည်း သံတောင်ကြီးမြို့နယ် ဘုံတောင်ရွာကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ မတ်လ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း ငါးနှစ်ကျော်ကာလမှာ နိုင်ငံတစ်ဝန်း မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၅၄၇၈ ဦး ဦးသေဆုံးခဲ့ပါတယ်။
