မြန်မာ့ကမ်းလွန်က သဘာ၀ဓာတ်ငွေ့စီမံကိန်း လုပ်ကွက်တွေမှာ ရှာဖွေရေးနဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေ ပိုပြီးတိုးမြှင့်ဖို့ ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP တာဝန်ရှိသူတွေနဲ့ စစ်တပ်ခန့် အစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်တို့ နေပြည်တော်မှာ ဆွေးနွေးခဲ့တယ်လို့ မေလ ၁၀ ရက်နေ့မှာ စစ်တပ်ခန့် အစိုးရဘက်က ထုတ်ပြန်ပါတယ်။
ထိုင်းနဲ့ မြန်မာ တို့ လျှပ်စစ်နဲ့ စွမ်းကင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့၊ ကမ်းလွန် လုပ်ကွက်နေ တွေက နေ ရှာဖွေရေးနဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေ တိုးမြှင့်ရေးကိစ္စ၊ တွင်းသစ်နဲ့ ဖြည့်စွက်တွင်းတွေ တူးဖော်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီအပြင် စီမံကိန်းအသစ်ဖြစ်တဲ့ မုတ္တမကမ်းလွန်က အောင်သိင်္ခစီမံကိန်း (M3)နဲ့ တခြားကမ်းလွန်စီမံကိန်းတွေမှာ ရင်းနှီးမြုပ်နှံလိုတဲ့ ကိစ္စတွေကိုပါ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြုပ်နှံမှု တန်ဖိုးရှိတဲ့ အောင်သိင်္ခ စီမံကိန်းသစ်ကနေ ၂၀၂၈ ခုနှစ်မှာ သဘာ၀ဓတ်ငွေ့ စတင်ထုတ်လုပ်နိုင်ရေး မျှော်မှန်းထားကြောင်းလည်း ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ စစ်ကော်မရှင်က ထုတ်ပြန်ပြောဆို ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစု တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ စစ်ခန့်အစိုးရနဲ့ ပူးပေါင်းတာတွေမလုပ်ဖို့၊ စစ်တပ်ရဲ့ ဝင်ငွေရလမ်း တွေကို ဖြတ်တောက်ဖို့ အစဉ်တစ်စိုက် တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီစီမံကိန်းတွေဟာ ထိုင်းနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တာကြောင့် ထိုင်းအစိုးရဟာ စစ်တပ်ခန့်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ဆက်ရှိနေလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ကန့်ကွက်မှုတွေရှိပေမဲ့ သူတို့အနေနဲ့ ဆက်လက်လုပ်ကိုင်နေကြခြင်းဟာ ဒီကနေ ထိုင်းအစိုးရနဲ့ ထိုင်းစစ်တပ်ဟာ ကြီးမားတဲ့ အကျိုးအမြတ်တွေ ရနေတာကြောင့် လက်မလွတ်ချင်အောင် ဖြစ်နေကြတာမျိုးပဲလို့ မြင်တယ်။ ဒီကရတဲ့ သဘာဝဓာတ်ငွေ့ဟာ ထိုင်းနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို အတော်အတန် ဖြည့်ဆည်းပေးနိုင်တာကြောင့် ထိုင်းအစိုးရဟာ ဒီဖက်ကစစ်ကော်မရှင်နဲ့ ဆက်ဆံရေးကောင်းရှိဖို့ အမြန်လိုလားနေတယ်။ လက်ရှိစစ်ကော်မရှင် အစိုးရကို အသိအမှတ်ပြုပြီး အာဆီယံထဲ ပြန်ဆွဲသွင်းပေးနေတဲ့ အဓိက ကိစ္စကလည်း ဒီစီမံကိန်းတွေနဲ့ ပတ်သတ်တယ်လို့ မြင်ပါတယ်”
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့ကမ်းလွန် ရေနံနဲ့သဘာ၀ဓာတ်ငွေ့ စီမံကိန်းတွေကနေ မလေးရှားအခြေစိုက် ပက်ထရိုနပ်စ် (Petronas)၊ ပြင်သစ်အခြေစိုက် တိုတယ် (Total Energies) နဲ့ အမေရိကန်အခြေစိုက် ချက်ဗရွန် (Chevron) ကုမ္ပဏီတို့ အသီးသီး နှုတ်ထွက်သွားခဲ့ပါတယ်။
အဲဒီနောက် ထိုင်းအစိုးရပိုင် ရေနံနဲ့စွမ်းအင်ကုမ္ပဏီ PTTEP က တိုတယ်နဲ့ ချက်ဗရွန် တို့ရဲ့ ရှယ်ယာတွေကို မြန်မာ့ရေနံနဲ့ သဘာ့ဓါတ်ငွေ့လုပ်ငန်း (MOGE)နဲ့ အတူ လက်လွှဲရ ယူခဲ့ပါတယ်။
လက်ရှိမှာ PTTEP ကုမ္ပဏီ ဦးဆောင်လည်ပတ်နေတဲ့ ရတနာနဲ့ ဇောတိက စီမံကိန်း၊ ထိုင်းပုဂ္ဂလိကပိုင် ကုမ္ပဏီ Gulf Petroleum Myanmar (GPM) ကုမ္ပဏီ ဦးဆောင်လည်ပတ်နေတဲ့ ရဲတံခွန် စီမံကိန်းတို့ကနေ ထွက်ရှိတဲ့ သဘာ၀ဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံကို တင်ပို့နေပါတယ်။
