စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ယန်စီကုမ္ပဏီ ကြေးနီစီမံကိန်းနဲ့ ယင်းမာပင်မြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းအတိုင်း မေလ ၁၇ ရက်နေ့မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုး လာတာကြောင့် ဒေသခံတစ်ထောင်ခန့် အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံ တွေပြောပါတယ်။
ယန်စီကုမ္ပဏီဝန်းထဲကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး အင်အား ၁၅၀ ပါတဲ့ စစ်ကြောင်း တစ်ကြောင်းထွက်လာသလို ယင်းမာပင်မြို့ပေါ်ကနေလည်း ယန်စီကုမ္ပဏီကို ဦးတည်လာနေတဲ့ စစ်ကား တန်းတစ်ခု ထွက်လာတာကြောင့် ကားလမ်းဘေး ဝဲယာမှာရှိတဲ့ မြို့သစ်၊ ရွာသာ၊ နှောရိုး၊ ကောင်းဆင့်နဲ့ တယ်ပင်ကန်ရွာက ဒေသခံတွေ တိမ်းရှောင်ခဲ့ရတာလို့ ဆိုပါတယ်။
ယင်းမာပင်မြို့နယ်ထဲမှာ တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးပြီးနောက် ရွာတွေထဲကနေ ဒေသခံတွေ ပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းတွေကို စစ်ကားတန်းမှာ သယ်ဆောင်လာပြီး စစ်ကြောင်း ပြန်ဆုတ်လာချိန် ယန်စီကုမ္ပဏီဝန်းက စစ်ကြောင်းက သွားရောက်ပူးပေါင်းတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အဓိကတော့ ယင်းမာပင်နယ်ထဲ စစ်ကြောင်းထိုးတဲ့အချိန် ပြည်သူတွေပိုင်တဲ့ ပစ္စည်းတွေ သူတို့ခိုးလာတာ ရှိတယ်။ အဲဒီပစ္စည်းတွေ မုံရွာဘက် ပို့မယ်လို့ ကြားတယ်။ အဲဒီယာဉ်တန်းကို ဒီဘက်က စစ်ကြောင်းက သွားကြိုတာပေါ့။ စစ်ကြောင်းနှစ်ကြောင်း ညှပ်ပူးညှပ်ပိတ်ဆိုတော့ ကားလမ်းဘေးဝဲယာက ဒေသခံတွေ အရေးပေါ် တိမ်းရှောင်ရတာပေါ့”
ဒီလိုပြောဆိုချက်နဲ့ပတ်သက်လို့ RFA က သီးခြား စုံစမ်းနိုင်ခြင်းမရှိပါဘူး။
ယင်းမာပင်မြို့ပေါ်က ထွက်လာတဲ့ စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းခုလတ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှု အသေးစိတ်ကို မသိရသေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကြောင်းနှစ်ကြောင်းလုံး ယမ်စီကုမ္ပဏီဝန်းထဲကို ဝင်ရောက်သွားပြီးနောက် နောက်ထပ် စစ်သားအင်အား ၇၀ ခန့်ပါတဲ့ အဖွဲ့ကလည်း ကြေးနီစီမံကိန်းတွေကနေ မုံရွာမြို့ကို ကူးသန်းသွားလာနိုင်တဲ့ ချင်းတွင်းမြစ် ဆိပ်ကမ်းအနီးတစ်၀ိုက်မှာ ကင်းပုန်းဝပ် လုံခြုံရေးယူထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကြေးနီစီမံကိန်းနဲ့ ချင်းတွင်းမြစ်ကမ်းဘေး အနီးတစ်၀ိုက်က ဒေသခံတွေလည်း သတိနဲ့ နေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့် အစိုးရဘက်က တစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ဝမ်ပေါင်နဲ့ ယမ်စီ တရုတ်ကြေးနီစီမံကိန်းတွေထဲမှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ နေရာယူထားပြီး စီမံကိန်းအနီးတစ်၀ိုက်က ရွာတွေကို စစ်ကြောင်းထိုး၊ ပစ်ခတ်တာတွေရှိသလို ကြေးနီစီမံကိန်းထဲက ထွက်လာတဲ့ စစ်ယာဉ်တန်းတွေကိုလည်း ဒေကာကွယ်ရေး တပ်ဖွဲ့တွေက မကြာခဏ ကြားဖြတ်တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
