မြန်မာနိုင်ငံမှာ လူ ၄ ယောက် ၁ ယောက်နှုန်းနဲ့ လူဦးရေ ၁၂ ဒသမ ၄ သန်းခန့်ဟာ ဆာလောင်မွတ်သိပ်မှု အငတ်ဘေးဒဏ်ကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ ဒသမ ၇ သန်းမှာလည်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ဥရောပသမဂ္ဂ (EU) တို့က မေလ ၁၈ ရက်နေ့က ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခတွေရဲ့နောက်ဆက်တွဲ အကျပ်အတည်းတွေရဲ့ သက်ရောက်မှုကြောင့် စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေပြီး၊ ပြည်တွင်းပဋိပက္ခတွေကြောင့်လည်း စားနပ်ရိက္ခာအခက်အခဲ ပိုမိုဆိုးရွားလာနေတာဖြစ်တယ်လို့ သူတို့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford ကတော့ ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုတွေကြောင့်လည်း မြန်မာမိသားစုတွေရဲ့ နေ့စဉ်ဘဝအထိ သက်ရောက်လာ နေတယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအကျပ်အတည်းဟာ ပြည်တွင်းပဋိပက္ခတွေအပြင် ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုတွေကြောင့်လည်း ပြည်သူတွေရဲ့ နေ့စဉ်ဘဝထဲအထိ တိုက်ရိုက်သက်ရောက်လာနေပါတယ်”
တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆိုရင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေက ပျမ်းမျှ ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး၊ မကွေးတိုင်းတွင် ၃၈ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၃၂ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မှာ ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်နေတာဖြစ်တယ်လို့ဆိုပါတယ်။
ဒီအခြေအနေတွေကို တုံ့ပြန်နိုင်ဖို့ ဥရောပသမဂ္ဂက WFP ကနေ တစ်ဆင့် ယူရို ၈ သန်း ထောက်ပံ့ကူညီသွားမှာ ဖြစ်ပြီး၊ ပဋိပက္ခနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် ထိခိုက်နေတဲ့ မိသားစုတွေကို အရေးပေါ် စားနပ်ရိက္ခာနဲ့ အာဟာရအကူအညီတွေကို ပေးအပ်သွားမှာဖြစ်တယ်ပြောပါတယ်။
မြန်မာနိုင်ငံက ဥရောပသမဂ္ဂ (EU )ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်တွေကို ကြီးကြပ်နေသူ Ms. Jessica Chaix ကလည်း လိုအပ်နေတဲ့သူတွေဆီ အကူညီတွေ ပံ့ပိုးပေးသွားမယ်လို့ပြောပါတယ်။
“ကမ္ဘာလုံးဆိုင်ရာ လောင်စာဈေးနှုန်းမြင့်တက်မှုကြောင့် နဂိုတည်းက ရုန်းကန်နေကြရတဲ့ ပြည်သူတွေအတွက် အခြေခံလိုအပ်ချက်တွေကို လက်လှမ်းမီဖို့ ပိုမိုခက်ခဲလာနေပြီး၊ EU အနေနဲ့ အလိုအပ်ဆုံးသူတွေဆီ စားနပ်ရိက္ခာနဲ့ အာဟာရအကူအညီတွေ ဆက်လက်ပံ့ပိုးသွားမှာဖြစ်ပါတယ်”
ဒါပေမယ့် ဥရောပသမဂ္ဂ (EU) ဟာ မြန်မာစစ်တပ်အပေါ် ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ခရီးသွားလာခွင့် ပိတ်ဆို့အရေးယူမှုတွေကိုတော့ ၂၀၂၇ ခုနှစ် မေလအထိ နောက်ထပ်တစ်နှစ်သက်တမ်းကို ဧပြီ ၂၇ ရက်နေ့က တိုးခဲ့ပါတယ်။
EU ရဲ့ ဆက်လက် ပိတ်ဆို့အရေးယူမှုထဲမှာ စစ်ခေါင်းဆောင်တွေ၊ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်တပ်နဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေအပြင် စစ်တပ်ပိုင်နဲ့ စစ်တပ်ထိန်းချုပ်တဲ့ ကုမ္ပဏီတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကြည်း၊ ရေ၊ လေတပ်အဖွဲ့တွေပါ ပါဝင်ပါတယ်။
