မြစ်ခြေမှာ စစ်ကြောင်းထိုး၊ ဒေသခံ ငါးဦးထက်မနည်း သေဆုံးပြီး ၂၀,၀၀၀ ခန့် ထွက်ပြေးနေရ

မြစ်ခြေမြို့တွင်း ဆွဲကြီးရပ်ကွက်အပါအဝင် ရပ်ကွက် လေးခု၊ ရွာသာအေးရွာ၊ဖိုလ်ကုန်းရွာ​တွေနဲ့ စစ်ကြောင်းတစ်လျှောက်ရွာတွေ မီးရှို့ခံထားရဟုဆို။

ပုဂံရှေးဟောင်းယဥ်ကျေးမှုဒေသရဲ့ တစ်ဖက်၊ ဧရာဝတီမြစ်ကမ်း မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ကို မေလ ၂၉ ရက်နေ့အထိ စစ်ကြောင်းထိုး မီးအကြီးအကျယ် ရှို့နေတာကြောင့် လူ ငါးဦးထက်မနည်း သေဆုံးခဲ့သလို နှစ်သောင်းခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြစ်ခြေမြို့ပေါ်က ဆွဲကြီးရပ်ကွက်အပါအဝင် ရပ်ကွက် လေးခု၊ ရွာသာအေးရွာ၊ဖိုလ်ကုန်းရွာ​တွေနဲ့ စစ်ကြောင်းတစ်လျှောက်ရွာတွေ မီးရှို့ခံထားရပြီး လက်ရှိမှာ စစ်ကြောင်းက ရှိနေသလို မီးရှို့ဖျက်ဆီးခံရမှု များပြီး ဒေသခံတွေ နေအိမ်မပြန်ရဲသေးတာကြောင့် လူသေဆုံးမှု၊ ပျက်စီးမှု အသေးစိတ်နဲ့ အရေအတွက်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

မြစ်ခြေကို မေလ ၂၈ ရက်နေ့ အထိ စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေပြီး လူသေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လောလောဆယ် မြစ်ခြေမှာ မီးရှို့ဖျက်ဆီးတာက မနေ့ညနေမှာ တော်တော်လုပ်တယ်။ ရွာ နှစ်ရွာ၊ သုံးရွာလောက်လည်း ရှို့ခံရတယ်။ လူသေဆုံးမှုကလည်း ငါးယောက်ထက်မနည်း ရှိတယ်ဗျ။ ဟိုတစ်နေ့ကတင်ပဲ ငါးလောင်းတွေ့တယ်ပေါ့နော်။”

ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) ၊ ညောင်ဦးမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ - ၄၁၅) တပ်တွေက အင်အား ဖြန့်ခွဲပြီး အဲဒီဒေသကို ခန့်မှန်း အင်အား ၅၀၀ ခန့်နဲ့ စစ်ကြောင်းစထိုးခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင်က လည်း လက်နက်ကြီးနဲ့ပစ်ခတ်မှု​​တွေ၊ သတ်ဖြတ်မှု​တွေ ရှိနေတယ်လို့ ပြောပါတယ်။

မြစ်ခြေကို မီးရှို့နေတာတွေက အကြိမ်ကြိမ် ရှိနေပြီ လက်ရှိအချိန်အထိ စစ်တပ်စစ်ကြောင်း ထိုးနေတာတွေ ကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေမှာ အရေးပေါ် အကူအညီတွေ လိုအပ်နေ တယ်လို့ ပြောပါတယ်။

စစ်တပ်အခြေချစခန်းတွေဖြစ်တဲ့ ရဲစခန်း၊ မြင်းမွေးမြူရေးတပ်ဆီကို စစ်ကြောင်းက လုယက်သိမ်းဆည်းထားတဲ့ ဒေသခံတွေရဲ့ တန်ဖိုးကြီး အသုံးအဆောင် ပစ္စည်းတွေကို သယ်ဆောင်နေတယ်လို့လည်း ​ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ဒီလို ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးသလို RFA အနေနဲ့လည်း သီးခြား အတည်ပြုနိုင်တာမရှိသေးပါဘူး။

မကွေးတိုင်း၊ ဧရာဝတီ အနောက်ဘက်ကမ်းက တော်လှန်ရေးအားကောင်း နယ်မြေတွေဖြစ်တဲ့ မြစ်ခြေ၊ ပေါက်၊ ဆိပ်ဖြူ နဲ့ မြိုင်မြို့နယ်တွေကို စစ်တပ်က ထိုးစစ်ဆင်မှုတွေနဲ့အတူ ရိက္ခာ၊ ငွေကြေး စတဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေးတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။