မြန်မာစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ထိုင်းနယ်စပ်အနီးကို ဒေသခံ ၃,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးလာပြီး ၂၀၀ လောက်က မြဝတီမြို့တစ်ဘက်ကမ်း တာ့ခ်ခရိုင်ထဲကို ဝင်ရောက်ခိုလှုံနေကြတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောလိုက်ပါတယ်။
ဇွန်လ ၂ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ထိုင်းနိုင်ငံ ဖော့ဖုရာခရိုင် ဝေါလေခရိုင်ခွဲထဲက ဘန်ဝေါလေ ကျေးရွာတစ်ဖက်ကမ်းက မြန်မာစစ်တပ်စခန်းကို တစ်နေကုန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ထိုင်းဘက်ကနေ ကြားနေရတယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Khaosod က ရေးသားပါတယ်။
မြဝတီဒေသခံတစ်ဦးကလည်း တစ်နေ့လုံး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ RFA ကို ပြောပါတယ်။
“အသံတွေတော့ တစ်နေ့လုံး ကြားနေရတယ် လူထိခိုက်လားဆိုတာ သေချာမသိရသေးဘူး ဟိုဘက်ကမ်းပြေးကြတာလည်း ရှိတယ်”
Khaosod သတင်းမှာတော့ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် မြန်မာနိုင်ငံသား သုံးထောင်ကျော် ထိုင်းနယ်စပ်အနီးကို ခိုလှုံလာပြီး နှစ်ရာလောက်က ထိုင်းဘက်အခြမ်း တာ့ခ်ခရိုင်ထဲကို ဝင်ရောက်လာကြတယ်လို့ ဖော်ပြထားပါတယ်။ ထိုင်းအာဏာပိုင်တွေက နေရပ်စွန့်ခွာလာသူတွေကို နယ်စပ်မှာ ယာယီနေရာချထားပေးပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးထားတယ်လို့လည်း သတင်းမှာ ပါရှိပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်တလျှောက် လုံခြုံရေးနဲ့ ဒေသခံတွေ ဘေးကင်းလုံခြုံရေးအတွက် ရတ်ချမနူ(Ratchamanu) နယ်ခြားစောင့် အထူးတပ်ဖွဲ့၊ ဖုတ်ဖုရာခရိုင် အုပ်ချုပ်ရေးအဖွဲ့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အမှတ် ၃၄၆ တို့ကို တာဝန်ချထားတယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တို့က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
