မြန်မာနိုင်ငံမှာ တရုတ်ရုပ်သံအစီအစဉ်တွေ ထုတ်လွှင့်ရေးနဲ့ မီဒီယာပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ ပြည်သူပိုင် မီဒီယာတွေနဲ့ Sky Net ပုဂ္ဂလိက မီဒီယာအုပ်စုတို့ကို သီးခြားတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တရုတ်သံရုံးက မေလ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ လွတ်လပ်တဲ့သတင်းမီဒီယာတွေ ဖိနှိပ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ တရုတ်အစိုးရ သြဇာလွှမ်းမိုးတဲ့ ဝါဒဖြန့် အစီအစဥ်တွေ တိုးမြှင့်ဝင်ရောက်လာနိုင်ဖို့ ဆောင်ရွက်ချက်လို့ လေ့လာသူတွေက ဝေဖန်ထောက်ပြပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြား အုပ်ချုပ်မှုဆိုင်ရာဝန်ကြီး Cao Shumin ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်နဲ့ မေ ၂၆ ရက်နေ့ကနေ ၂၈ ရက်အထိ မြန်မာနိုင်ငံကို လာရောက်ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်အစိုးရပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတွေ၊ စစ်တပ်ပြန်ကြားရေးအဖွဲ့က ဝန်ကြီး ဦးထိန်လင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နဲ့ ရွှေသံလွင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့အဖွဲ့နဲ့ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့လည်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံအကြား ရုပ်သံဗီဒီယိုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်မြှင့်တင်သွားမှာဖြစ်ပြီး မြန်မာဘာသာပြန် ရုပ်သံအစီအစဉ်တွေထုတ်လွှင့်တာ၊ ပူးတွဲထုတ်လုပ်တာ၊ နည်းပညာအသုံးချခြင်းတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်တာတွေ အတူတူပြုလုပ်သွားမှာဖြစ်တယ်လို့ တရုတ်အစိုးရ ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာ သတင်းယူရင်းဖမ်းဆီးခံရလို့ လွှတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားသတင်းထောက်တစ်ဦးကတော့ အခုလို တရုတ်က မြန်မာပြည်လာပြီး တရုတ်ဝါဒဖြန့်အစီအစဥ်တွေ ထုတ်လွှင့်ဖို့ ကြိုးပမ်းတာဟာ မြန်မာနိုင်ငံကို တရုတ်ဇာတ် လာသွင်းနေတာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“အခု တရုတ်နဲ့ မြန်မာနဲ့ တွေ့ပြီး မီဒီယာပူးပေါင်းဆောင်ရွက်မှုတွေလုပ်တယ်သာပြောတာပါ၊ ပြည်သူတွေ သိသင့်သိထိုက်တာရေးသားဖော်ပြပေးနေတဲ့မီဒီယာတစ်ခုမှ မပါဘူးလေ၊ စစ်တပ်နဲ့ စစ်တပ်အလိုတော်ရှိ စကိုင်းနက်ကြီးပဲပါတာမလား၊ ပြည်သူအတွက်မထူးပါဘူး။ မင်းတို့မြန်မာနိုင်ငံမှာ တရုတ်ထုတ်တီဗီတွေနဲ့ တို့တရုတ်ဇာတ်လမ်းတွေကြည့်ကြကွာလို့ လာလုပ်သွားတာပါပဲ။ လိုရင်းပြောရရင်းတော့ တရုတ်က မြန်မာပြည်လာပြီး တရုတ်ဇာတ်လာသွင်းနေတာဗျ”
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရပေါ်ပေါက်လာပြီလို့ စစ်အာဏာပိုင်တွေက ကြွေးကြော်ထားပေမယ့် ဒီမိုကရေစီအခြေခံဖြစ်တဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ သတင်းစာလွတ်လပ်ခွင့်က ကျဆင်း နေဆဲဖြစ်ပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်း သတင်းဌာနတွေ အများအပြား ပိတ်သိမ်းခံထားရသလို သတင်းသမားတွေ ဖမ်းဆီးခံရတာတွေ ဆက်ရှိနေသေးတယ်လို့ သူက ပြောပါတယ်။
၂၀၂၆ ခုနှစ် ဧပြီလကုန်အထိ သတင်းအေဂျင်စီ ၉၇ ခုကို ပိတ်သိမ်းခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး စစ်တပ်ခန့်အစိုးရတက်လာပြီးတဲ့နောက် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ် ၆၀ မှာ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့အမှုတွေကို စစ်ခုံရုံးနဲ့စစ်ဆေးအမိန့်ချဖို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက သတင်းသမား ၂၂၀ ကျော် အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၄၇ ယောက်ဟာ ဒီနေ့ အထိ ချုပ်နှောင်ခံထားရတယ်လို့ မေလ ၃ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကထုတ်ပြန်ပါတယ်။
စစ်တပ်ခန့်အစိုးရအဖွဲ့ရဲ့ သတင်းစာထဲမှာတော့ တရုတ်နိုင်ငံ ယူနန်မီဒီယာဂရု (Yunnan Media Group)နဲ့ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးအသင်းက ထုတ်ဝေတဲ့ “ဆွေမျိုးပေါက်ဖော်” မဂ္ဂဇင်းတို့အကြား သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) ကိုလည်း လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ “ဆွေမျိုးပေါက်ဖော်” မဂ္ဂဇင်းကို စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားမှာ “ဆွေမျိုးပေါက်ဖော်မှ ရသအစုံစုံ သုတအဖုံဖုံ" အစီအစဉ်နဲ့ ထုတ်လွှင့်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်နဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ မီဒီယာကဏ္ဍတွေမှာ ဆက်ဆံရေးတိုးမြှင့်လာခဲ့ပြီး နှစ်နိုင်ငံအကြား ရုပ်သံနဲ့ သတင်းအချက်အလက် ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်တိုက် တိုးလုပ်လာနေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်ဟာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၆၆ မှာ ရပ်တည်နေပြီး အဆိုးဆုံးနိုင်ငံ အနိမ့်ကျဆုံးနိုင်ငံထဲမှာရောက်နေတယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ဧပြီ ၃၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
