အလုပ်သမားတွေရဲ့ သပိတ်မှောက်ပိုင်ခွင့်ကို ICJ အတည်ပြု

အခုဆုံးဖြတ်ချက်က မြန်မာနိုင်ငံအတွက်တင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးကအလုပ်သမားတွေအတွက်ပါအာမခံချက်ရှိလာတဲ့ နိုင်ငံတကာအလုပ်သမားဥပဒေဖြစ်တယ်။

အလုပ်သမားတွေရဲ့ သပိတ်မှောက်ပိုင်ခွင့် (Right to Strike) ဟာ နိုင်ငံတကာ အလုပ်သမားဥပဒေအရ ကာကွယ်ပေးထားတဲ့ အခြေခံအခွင့်အရေးဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ အဓိကတရားရေးအဖွဲ့ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကမေလ ၂၁ နေ့က အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖိနှိပ်ခံနေရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် တွေနဲ့ CDM ဝန်ထမ်းတွေအတွက် အရေးကြီးတဲ့အထောက်အကူဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က လက်ထောက်အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ILO ရဲ့ အုပ်ချုပ်မှု အဖွဲ့ဝင်လည်းဖြစ်တဲ့ မဖြိုးစန္ဒာစိုးက RFA ကိုပြောပါတယ်။

“ICJ ရဲ့ဆုံးဖြတ်ချက်ကို အများကြီး ဝမ်းမြောက်ဝမ်းသာ ကျွန်မတို့ဖြစ်မိတယ်။ ဒါက ဘာလဲဆိုရင် ကျွန်မတို့ အလုပ်သမားတွေရဲ့ ပုဂ္ဂလိကကဏ္ဍပဲပြောပြော၊ နိုင်ငံဝန်ထမ်းကဏ္ဍပဲပြောပြော ၊ ကဏ္ဍအသီးသီးမှာရှိတဲ့ အလုပ်သမားတွေရဲ့ အလုပ်ရပ်ဆိုင်း သပိတ်မှောက်ပိုင်ခွင့်ကို ထပ်လောင်းပြီးတော့မှ အာမခံပေးလိုက်တာ ဖြစ်တယ်”

ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ သပိတ်မှောက်ခွင့်နဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာအငြင်းပွားနေခဲ့တဲ့ ဥပဒေရေးရာ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေကို ရှင်းလင်းပေးလိုက်တာဖြစ်လို့ တစ်ကမ္ဘာလုံးကအလုပ်သမားတွေအတွက် အရေးကြီး တဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီအပြင် အလုပ်သမားတွေကို ဖမ်းဆီးထောင်ချတာတွေနဲ့ပတ်သက်လို့ စစ်တပ်ကိုအရေးယူဖို့အတွက် ICJ ရဲ့ ဆုံးဖြတ်ချက်အရ ထိရောက်လာနိုင်တယ်လို့လည်း မဖြိုးစန္ဒာစိုးက ပြောပါတယ်။

သပိတ်မှောက်တဲ့ အလုပ်သမားတွေကိုအလုပ်ထုတ်တာ၊ ဖမ်းဆီးထောင်ချတာတွေဟာ နိုင်ငံတကာအလုပ် သမားအခွင့်အရေးစံနှုန်းတွေနဲ့ ဆန့်ကျင်နေတယ်ဆိုတာ ဒီဆုံးဖြတ်ချက်က ပိုပြီးရှင်းသွားတယ်လို့ သွေးစည်း ညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် - မြန်မာ (STUM) ရဲ့ တာဝန်ရှိသူ ဒေါ်မျိုးမျိုးအေးက RFA ကိုပြောပါတယ်။

“အလုပ်သမားသမဂ္ဂတွေနဲ့အလုပ်သမားတွေကတော့ ဒီဆုံးဖြတ်ချက်ကိုပေါ့နော်၊ ခုခံကာကွယ်တဲ့အခါမှာတော့ အသုံးပြုရလိမ့်မယ်။ မြန်မာနိုင်ငံကအလုပ်သမားတွေအတွက် အကာအကွယ်တစ်ခုတော့ရသွားတာပေါ့နော် “

အခုဆုံးဖြတ်ချက်က မြန်မာနိုင်ငံအတွက်တင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးကအလုပ်သမားတွေအတွက်ပါအာမခံချက်ရှိလာတဲ့ နိုင်ငံတကာအလုပ်သမားဥပဒေဖြစ်တယ်လို့ မဖြိုးစန္ဒာစိုးက RFA ကိုပြောပါတယ်။

“စက်ရုံလုပ်ငန်းခွင်တွေထဲမှာ အခွင့်အရေးတွေချိုးဖောက်ခံရတဲ့အခါ မတရားသဖြင့် ဖိနှိပ်တဲ့အခါမှာ ကျွန်မ တို့ရဲ့ အင်အားဖြစ်တဲ့ အလုပ်ရပ်ဆိုင်းသပိတ်မှောက်ပိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့် ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ICJ ရဲ့ တရားရုံးဆုံးဖြတ်ချက်က အကာကွယ်ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့် အလုပ်သမားတွေအတွက် မြန်မာနိုင်ငံအတွက်တင်မကဘူး၊ တစ်ကမ္ဘာလုံးမှာရှိတဲ့အလုပ်သမားတွေအတွက် အာမခံချက်ရှိမှာဖြစ်တယ်”

အလုပ်ရပ်ပြီးသပိတ်မှောက်တဲ့ အလုပ်သမားတွေကို အရေးယူခဲ့ကြတဲ့ စစ်တပ်နဲ့ အလုပ်ရှင်တွေကို နိုင်ငံတကာ အလုပ်သမားစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိ မရှိ ILO ရဲ့ သက်ဆိုင်ရာယန္တရားတွေကတစ်ဆင့် တိုင်ကြားနိုင်မယ်လို့ လည်း အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

၂၀၂၅ ခုနှစ် ILO ညီလာခံမှာ အာဏာသိမ်းစစ်တပ်ကို ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ အရေးယူဖို့ ဆုံးဖြတ်ထားတာကြောင့် စစ်တပ်ခန့်အစိုးရဟာ နိုင်ငံတကာအလုပ်သမားစံနှုန်း ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ILO သမိုင်းတလျှောက် ပုဒ်မ ၃၃ အရ အရေးယူဆောင်ရွက်ခံရတဲ့နိုင်ငံတွေက မြန်မာနဲ့ ဘီလာရုစ်ပဲ ရှိခဲ့ပါတယ်။