စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာက ဖိအားတွေ ပိုပြီး တိုးမြှင့်နိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့ (APHR) က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် (Kim Aris) နဲ့ ဇွန်လ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ခန့်အစိုးရက နိုင်ငံရေးအပေးအယူအတွက် အသုံးချနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းဆီက လိုက်လျောမှုတွေ ရယူဖို့ ကြိုးစားနေတယ်လို့ ကင်မ်အဲရစ် က ပြောခဲ့တယ်လို့ APHR ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သူ့ရဲ့ ကျန်းမာရေးနဲ့ လက်ရှိအခြေအနေကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့လည်း ဖော်ပြထားပါတယ်။
ကင်မ်အဲရစ်အနေနဲ့လည်း မိခင်ဖြစ်သူဆီက လွန်ခဲ့တဲ့ သုံးနှစ်နီးပါးက ပေးပို့ခဲ့တဲ့ စာတစ်စောင်သာ ရရှိခဲ့ဖူးပြီး နောက်ပိုင်းမှာ ဆက်သွယ်ခွင့် မရတော့ဘူးလို့ APHR က ဆိုပါတယ်။
လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ဖာဒီနန် ဘောင်ဘောင်း မားကို့စ် ဂျူနီယာနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ လွတ်လပ်စွာ ဝင်ရောက်တွေ့ဆုံခွင့်ရရှိရေးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေးအတွက် မြန်မာစစ်တပ်အာဏာပိုင်တွေကို စုပေါင်းတောင်းဆိုကြဖို့လည်း APHR က တိုက်တွန်းထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ မြန်မာစစ်တပ်အပေါ် တရုတ်ရဲ့ ထောက်ခံမှု ရှိနေတာကြောင့် ASEAN ရဲ့ ရပ်တည်ချက်က ပိုအရေးကြီးလာတယ်လို့ RFA ကို ပြောပါတယ်။
“အာဏာသိမ်းစစ်တပ်က အာဆီယံနဲ့ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေမှာ နေရာပြန်ရချင်နေတာ ကြာပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအပေးအယူအတွက် အသုံးချနေတယ်ဆိုတဲ့ ကင်မ်အဲရစ်ရဲ့ ပြောဆိုချက်ကို ကြည့်ရင်လည်း စစ်တပ်ဘက်က နိုင်ငံတကာအသိုင်းအဝိုင်းဆီက လိုက်လျောမှုတချို့ ရယူဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ အာဆီယံဘက်ကတော့ မြန်မာအရေးနဲ့ ပတ်သက်ပြီး သူတို့ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်အပေါ် ဆက်ပြီး ရပ်တည်မလား၊ ဒါမှမဟုတ် အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှု ပုံစံအသစ်တစ်ခုကို ရွေးချယ်မလား ဆိုတာ စောင့်ကြည့်ရဦးမယ့် အခြေအနေ ဖြစ်ပါတယ်။ အထူးသဖြင့် စစ်တပ်အပေါ် တရုတ်ရဲ့ နိုင်ငံရေးနဲ့ သံတမန်ရေး ထောက်ခံမှုတွေ ရှိနေတဲ့အတွက် ASEAN ရဲ့ ရပ်တည်ချက်ဟာ ပိုပြီး အရေးကြီးလာပါတယ်”
ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက် ၈၁ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့ကလည်း နိုင်ငံ ၁၁ နိုင်ငံက လက်ရှိနဲ့ အရင် လွှတ်တော်အမတ် စုစုပေါင်း ၁၃၄ ဦးဟာ အာဆီယံ နဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို ဖိအားပေးသင့်ကြောင်း အိတ်ဖွင့်ပေးစာ တစ်စောင်ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။
အဲဒီအိတ်ဖွင့်ပေးစာကို နိုင်ငံ ၁၁ နိုင်ငံက လက်ရှိနဲ့ အရင်လွှတ်တော်အမတ် ၁၃၄ ဦး ပါဝင်လက်မှတ်ရေးထိုးထားပြီး အဲဒီထဲမှာ အီတလီ၊ ဥရောပသမဂ္ဂ၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့က ထင်ရှားတဲ့ လွှတ်တော်အမတ်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ အသက်ရှင်လျက်ရှိကြောင်းအခြေအနေကို အတည်ပြုနိုင်ဖို့ မိသားစုဝင်တွေ၊ ဥပဒေအကြံပေးတွေနဲ့ လွတ်လပ်တဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေ ဝင်ရောက်တွေ့ဆုံခွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
