ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာမှာရှိတဲ့ မြေစာပုံအဟောင်း ဇွန်လ ၂၇ ရက် ည၁၁ နာရီခန့်မှာ ရုတ်တရက်ပြိုကျပြီးနောက် ရေမဆေးသမား လေးဦးရဲ့ ရုပ်အလောင်းကို ပြန်ရှာတွေ့ထားပြီး ကျန်တဲ့ ပျောက်ဆုံးနေသူတွေကိုတော့ ဆက်ရှာဖွေနေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။
ရှာဖွေတွေ့ရှိထားတဲ့ ရုပ်အလောင်းတွေကို ဖားကန့်ဆေးရုံကြီးကို ဇွန်လ ၂၈ ရက်နေ့လယ်ပိုင်းမှာ ပို့ဆောင်ထားပြီး မိသားစုဝင်တွေကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
“မျက်မြင်ကြုံတဲ့သူတွေ ပြောတာတော့ မြေပြိုတဲ့အချိန်က လူ ဆယ်ဦးကျော်လောက်ပါတယ်လို့ ပြောကြတယ်။ ဒီရက်ပိုင်းမြေတွေက တအားကျွံနေတာ။ မိုးကတအားများနေတော့ ဒီအချိန်မရှာတာ အကောင်းဆုံးပဲ။ သေဆုံးတဲ့သူတွေကလည်း အကုန်လူငယ်တွေပဲရှိသေးတယ်၊ တချို့ကျန်နေမယ်ထင်တဲ့ အလောင်းတွေကိုတော့ မနက်ဖြန် (ဇွန် ၂၉) မနက်ပိုင်းဆက်ရှာမယ် ထင်တယ်။ မတွေ့ရင်တော့ ရှာဖွေရေးရပ်မယ်လို့ကြားတယ်။ ဖားကန့်မှာက ရေကလည်းတချို့ရပ်ကွက်တွေ ရေကြီးနေတော့ အကူအညီတွေက နေရာတိုင်းလိုအပ်နေတယ်”
လတ်တလောမှာတော့ သေဆုံးသူတွေရဲ့ နာမည်နဲ့ ကိုယ်ရေးအချက်အလက်တွေကို မသိရသေးသလို RFA အနေနဲ့လည်း ဆက်သွယ်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဇွန်လပထမပတ်ကတည်းက ဖားကန့်မြို့နယ်မှာ မိုးဆက်တိုက်ရွာနေတာကြောင့် ရပ်ကွက် လေးခုထက်မနည်း ရေကြီးရေလျှံနေပြီး ရုတ်တရက်မြေပြိုကျတာတွေလည်း ဆက်တိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် စစ်တပ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးကျော်မင်းခိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
RFAက ပြုစုထားတဲ့စာရင်းတွေအရ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် လက်ရှိအချိန်အထိ ဖားကန့်မြို့နယ်မှာ မြေပြိုမှု ၂၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉၁၃ ဦး သေဆုံးခဲ့ပါတယ်။
