တော်လှန်ရေးအင်အားစုတွေကြား ပြဿနာကို လက်နက်နဲ့ မဖြေရှင်းဖို့ အဖွဲ့ ၉၅ ဖွဲ့ တိုက်တွန်း

တော်လှန်ရေးအင်အားစုတွေကြား ပြဿနာတွေကို လက်နက်အားကိုးနဲ့ဖြေရှင်းဖို့ ကြိုးပမ်းလာတာဟာ တော်လှန်ရေးအရှိန်အဟုန်ကို ထိခိုက်စေနိုင်ဟုဆို။

တော်လှန်ရေးအင်အားစုအချင်းချင်းကြား ဖြစ်ပွားတဲ့ ပြဿနာတွေကို လက်နက်အားကိုးနဲ့ ဖြေရှင်းနေတာဟာ တော်လှန်ရေးအရှိန်အဟုန်ကို ထိခိုက်စေနိုင်တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားနေကြတဲ့ အဖွဲ့ ၉၅ ဖွဲ့က ပူးတွဲသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

“ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” ဆိုတဲ့ လှုပ်ရှားမှုနာမည်နဲ့ အဖွဲ့အစည်း ၉၅ ဖွဲ့က ပူးတွဲသတိပေးချက်ကို ဇွန်လ ၂၈ နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ တော်လှန်ရေးကာလကြာရှည်လာတာနဲ့အမျှ တော်လှန်ရေးအင်အားစုတွေ ကြားမှာ သဘောထားကွဲလွဲမှုတွေနဲ့ ပွတ်တိုက်မှုတွေရှိလာတာကို လက်ခံပေမယ့် အဲဒီပြဿနာတွေကို လက်နက်အားကိုးနဲ့ဖြေရှင်းဖို့ ကြိုးပမ်းလာတာဟာ တော်လှန်ရေးအရှိန်အဟုန်ကို ထိခိုက်စေနိုင်ပြီး ဘုံရန်သူ စစ်အုပ်စုကိုသာ အသက်ဆက်သွင်းရာရောက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ နိုင်ငံရေးအရ တန်းတူဆက်ဆံမှုနဲ့ အပြန်အလှန်လေးစားအသိအမှတ်ပြုမှုတွေကို တော်လှန်ရေးကာလအတွင်းမှာပင် မဖြစ်မနေ လုပ်ဆောင်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

သမိုင်းသင်ခန်းစာတွေအရ တော်လှန်ရေးအင်အားစုတွေ ညီညွတ်ရင် အောင်ပွဲရရှိနိုင်ပေမယ့် ညီညွတ်မှုပြိုကွဲသွားရင် အောင်ပွဲနဲ့ ဝေးကွာနိုင်တယ်လို့ ထောက်ပြထားပါတယ်။

အဲဒါကြောင့် အခုအချိန်ဟာ “ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” လှုပ်ရှားမှုကို အားလုံးအတူတကွ စတင်ဆောင်ရွက်ရမယ့် အရေးကြီးဆုံးအချိန်ဖြစ်တယ်လို့လည်း နှိုးဆော်ထားပါတယ်။

အဖွဲ့ ၉၅ ဖွဲ့ထဲက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဗကသကျောင်းသားတစ်ဦးကတော့ တော်လှန်ရေးအင်အားစုတွေကြား ညီညွတ်မှုမပျက်စေဖို့ ရည်ရွယ်ပြီး ထုတ်ပြန်ထားတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“စစ်အုပ်စုသာ ပြည်သူ့ရန်သူ၊ ဘုံရန်သူကို ဦးတည်တိုက်ကြ၊ ဘုံရန်သူကို ထိုးနှက်၊ ရဲဘော်ချင်း ပေါင်းစပ်၊ တော်လှန်ရေးပန်းတိုင်ဆီ အတူတူချီတက်၊ညီညွှတ်ရေးဟာ အစွမ်းထက်ဆုံးလက်နက် ဖြစ်တယ်လို့ပဲ အားလုံးသဘောတူထားတဲ့စာသားအတိုင်းပြောချင်ပါတယ်”

တော်လှန်ရေးနဲ့ နိုင်ငံရေးအင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံးဖြေရှင်းမှုတွေကို ဝိုင်းဝန်းတားဆီးကြဖို့၊ ကျူးလွန်မှုတွေကို တရားမျှတစွာ ဖြေရှင်းကြဖို့နဲ့ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေကို ဝန်းရံပေးကြဖို့ ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပညာရှင်တွေ၊ အနုပညာရှင်တွေနဲ့ လူထုတစ်ရပ်လုံးအနေနဲ့လည်း ဒီလှုပ်ရှားမှုကို လူမှုကွန်ရက်နဲ့ မြေပြင်မှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကူညီကြဖို့လည်း နှိုးဆော်ထားပါတယ်။

အဲဒီလှုပ်ရှားမှုကို လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးအင်အားစုတွေ၊ လူထုလှုပ်ရှားမှုအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူတွေအပါအဝင် အဖွဲ့အစည်း ၉၅ ဖွဲ့က ပူးတွဲထုတ်ပြန်တာဖြစ်တယ်လို့လည်း သိရပါတယ်။