ရေဦးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံရ

အာဏာသိမ်းကာလအတွင်း ရေဦးမြို့ အပါအဝင် မြို့ ၆ မြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ၆ ခု ထက်မနည်း ဖယ်ရှားခံခဲ့ရ။

စစ်ကိုင်းတိုင်း ရေဦးမြို့လယ် အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့အပါအဝင် အာဏာပိုင်တွေက ဇွန်လ ၂၇ ရက်နေ့ ညမှာ စက်ယန္တရားတွေသုံးပြီး ဖယ်ရှားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့ပေါ်မှာ ညမထွက်ရအမိန်ထုတ်ထားပြီး ည ၁၂ နာရီကျော်ချိန်မှာ ဖယ်ရှားလိုက်တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ညက ၁၂ နာရီကျော်လောက်မှာ ဘက်ဟိုးနဲ့ ထိုးဖြိုတာ။ အသံတွေကြားနေရတယ်။ ဒါပေမဲ့ ဘယ်သူမှ ထွက်မကြည့်ရဘူး။ ညမထွက်ရအမိန့်လည်းရှိတော့လေ။ အခုကတော့ ဘာမှမရှိတော့ဘူး ရှင်းလင်းသွားပြီ။ ရုပ်ထုရှိတဲ့ နေရာက လူစည်ကားတဲ့နေရာ မြို့လယ်လမ်းဆုံမှာ ထားတာပါ။ တစ်မြို့နယ်လုံးက ပြည်သူတွေရဲ့ ထည့်ဝင်ငွေနဲ့ လုပ်ထားတဲ့ ဒီရုပ်ထုကို အလွယ်တကူလေးနဲ့ ဖြိုဖျက်လိုက်တာ နှမျောတာပေါ့”

ရေဦးမြို့က ဗိုလ်ချုပ်ကြေးရုပ်ထုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာ အများပြည်သူ ထည့်ဝင်ငွေနဲ့ စိုက်ထူဖွင့်လှစ်ခဲ့ပြီးနောက် နှစ်စဉ် အာဇာနည်နေ့ အခမ်းအနားတွေကို ကျင်းပခဲ့တာလို့လည်း သူက ဆက်ပြောပါတယ်။

လာမယ့် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား မတိုင်မီ သုံးပတ်အလိုမှာ ဖယ်ရှားခံရတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို အခုလိုလိုက်လံဖျက်ဆီးနေတာဟာ ပြည်သူလူထုရဲ့ သမိုင်းအမွေအနှစ်နဲ့ အမျိုးသားဂုဏ်သိက္ခာကို မလေးစားတဲ့ လုပ်ရပ်ဖြစ်ပြီး ယဉ်ကျေးမှုတန်ဖိုးတွေကိုပါ ထိခိုက်စေတဲ့အတွက် ပြင်းထန်စွာရှုတ်ချတယ်လို့ ဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းကာလအတွင်း ရေဦးမြို့ အပါအဝင် နေပြည်တော်၊ ပဲခူး၊ တောင်ငူ၊ သာစည်၊ ပုသိမ် စတဲ့မြို့တွေက ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ၆ ခု ထက်မနည်း ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။