မကွေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံနေရကြောင်း PPNM ထုတ်ပြန်

ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို “သွေးမထွက်တဲ့နည်းနဲ့ သတ်ပစ်လို့ရတယ်” လို့ ခြိမ်းခြောက်ပြောဆို။

မကွေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တာ၊ တိုက်ပိတ်တာနဲ့ လူမဆန်တဲ့နည်းလမ်းတွေနဲ့ ညှဉ်းပန်းနှိပ်စက်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

PPNM ထုတ်ပြန်ချက်အရ မကွေးအကျဉ်းထောင် ထောင်ပိုင် အပါအဝင် ထောင်အာဏာပိုင်တွေက ဧပြီလ ၂၇ ရက်နေ့က နိုင်ငံရေးအကျဉ်းသားတွေကို “သွေးမထွက်တဲ့နည်းနဲ့ သတ်ပစ်လို့ရတယ်” လို့ ခြိမ်းခြောက်ပြောဆိုခဲ့သလို အဲဒီနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေ နည်းလမ်းအမျိုးမျိုးနဲ့ ဖိနှိပ်ခံနေရတယ်လို့ ဆိုပါတယ်။

မေလ ၁၄ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ကိုအေးသိန်း ခြေထောက်ကိုက်ခဲလို့ ဆေးတောင်းရာမှာ အော်ဟစ်ကြိမ်းမောင်းပြီး ထောင်ပိုင်၊ ဒုထောင်မှူးနဲ့ ထောင်ဝန်ထမ်းတွေက အင်အားသုံးကာ နိုင်ငံရေးအကျဉ်းသားတွေကို ခေါင်းစွပ်အုပ်၊ ချုပ်နှောင်ပြီး ဆေးရုံတိုက်ဆောင်မှာ ခြေကျင်းဒေါက်ခတ် တိုက်ပိတ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မေလ ၃၁ ရက်နေ့နဲ့ ဇွန်လ ၁ ရက်နေ့တွေမှာလည်း နိုင်ငံရေးအကျဉ်းသားတချို့ကို ရိုက်နှက်တာ၊ ခြေချင်းဒေါက်ခတ်ပြီး တိုက်ပိတ်တာ၊ အစာငတ်ခံဆန္ဒပြသူကို တီဘီရောဂါသည်တွေနဲ့အတူ ထားရှိတာ စတဲ့ နည်းလမ်းအမျိုးမျိုးသုံးကာ ဆက်တိုက်ဖိနှိပ်ခဲ့တယ်လို့ PPNM က ပြောပါတယ်။

မကွေးအကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ထောင်ထဲမှာကျန်နေခဲ့တဲ့ အကျဉ်းသားတွေရဲ့အသက်အန္တရာယ်ကို စိုးရိမ်တယ်လို့ RFA ကိုပြောပါတယ်။

“မကွေးထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်တာ၊ တိုက်ပိတ်တာ၊ ဆေးကုသခွင့် ကန့်သတ်တာမျိုးတွေက အခုမှ ဖြစ်တာမဟုတ်ပါဘူး။ ကျွန်တော်ရှိခဲ့တဲ့ အချိန်ကတည်းက အမိန့်မလိုက်နာဘူးလို့ ယူဆရင် လိုတာထက်ပိုပြီး အပြစ်ပေးတာတွေ ရှိခဲ့ပါတယ်။ အခု PPNM ထုတ်ပြန်တဲ့ အခြေအနေတွေကို ကြားရတော့ ထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးအတွက် အရမ်းစိုးရိမ်မိပါတယ်။ ဒီလို လူမဆန်တဲ့ ဆက်ဆံမှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အမြန်ဆုံး စုံစမ်းဖော်ထုတ်ပြီး ရပ်တန့်စေဖို့ လိုပါတယ်။”

လက်ရှိ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ သံမံတလင်းပေါ်မှာ အခင်းမပါဘဲ နေရပြီး တစ်နေ့ကို ထမင်းတစ်နပ်သာ ကျွေးတာ၊ သောက်ရေကိုလည်း အကန့်အသတ်နဲ့သာ ပေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မကွေးတိုင်း ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

PPNM ကတော့ မကွေးအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပြီး ကျူးလွန်သူတွေကို ဆက်လက်မှတ်တမ်းတင်ကာ နိုင်ငံတကာမှာ တာဝန်ယူမှုရှိလာအောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇွန်လ ၂၆ ရက်နေ့အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ ၃၁,၂၅၄ ဦး ရှိပြီး အဲဒီထဲမှာ ၂၂,၂၅၇ ဦးက နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။