မြန်မာ-လာအို နယ်ခြားမှာ တည်ရှိတဲ့ မဲခေါင်မြစ်ပေါ်မှာ မဂ္ဂါဝပ် ၂၇၉၀ အထိ ထုတ်လုပ်နိုင်မဲ့ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်နိုင်ဖို့ စူးစမ်းလေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူစာချုပ်ကို စစ်တပ်ခန့်အစိုးရနဲ့ လာအိုတို့ ဇူလိုင်လ ၄ ရက်နေ့က ဗီယင်ကျန်းမြို့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီလို စာချုပ်ဖို့ စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လာအိုခရီးစဉ်အတွင်း သဘောတူခဲ့တာဖြစ်ပြီး မြန်မာဘက်က Primus Sapphire Power ကုမ္ပဏီနဲ့ လာအိုဘက်က Phongsupthavy Group Sole ကုမ္ပဏီတို့က ၃၄ လ (၂ နှစ် ၁၀ လ) အတွင်းမှာ ပြီးစီးနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဒါဟာ မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်အတွင်းကနေ လုပ်ဆောင်တာဖြစ်ပြီး စီးမံကိန်းပြီးသွားရင် ဒေသတွင်း လျှပ်စစ်ဓာတ်အားကို တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်းပေးနိုင်မယ်လို့ စစ်တပ်ခန့်အစိုးရက ပြောပါတယ်။
လက်ရှိ သဘောတူစာချုပ်ဟာ စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက် အဆင့်မဟုတ်သေးပဲ ဖြစ်နိုင်ခြေစူးစမ်းလေ့လာရေး စာချုပ်ဖြစ်ပြီး၊ စီမံကိန်းရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေကို ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ မဲခေါင်မြစ်ပေါ်က ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ ပတ်သက်လို့ မြစ်ရေစီးကြောင်းပြောင်းလဲတာနဲ့ သဘာ၀ပတ်ဝန်းကျင်ထိခိုက်မှုတွေကြောင့် ယခင်လည်း ဒေသတွင်းနိုင်ငံတွေအကြား အငြင်းပွားမှုတွေ ရှိခဲ့တာပါ။
ဒီစီမံကိန်းနဲ့ပတ်သက်လို့ တည်ဆောက်ရေးပိုင်းမှာ ဖြစ်နိုင်ခြေရှိပေမဲ့ သဘာ၀ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်အပေါ် သက်ရောက်မှုတွေအပေါ် မြစ်အောက်ပိုင်းနိုင်ငံတွေရဲ့ စိုးရိမ်မှုတွေကြောင့် ကန့်ကွက်မှုတွေရှိလာနိုင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူတစ်ဦးက RFA ကိုပြောပါတယ်။
“အထက်ဖက်က တရုတ်အနေနဲ့ လည်းဒီမြစ်ပေါ်မှာပဲ ရေအားလျှပ်စစ်ဆောက်ထားတာရှိခဲ့သလို အောက် ဖက်က ထိုင်းဆိုရင်လည်း ဒီလာအိုအပိုင်ထဲမှာ ဆည်လာဆောက်ထားတာရှိတာမို့ ဆည်တည်ဆောက်မှုအပိုင်းက ဖြစ်နိုင်ချေရှိ နိုင်ပါတယ်။ ဒါပေမဲ့ နောက်တပိုင်းဖြစ်တဲ့ သဘာဝဂေဟစနစ်ကို ထိခိုက်စေတဲ့အပိုင်းကတော့ မြစ်အောက်ဖက်မှာရှိတဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေ ပါဝင်တဲ့ မဲခေါင်မြစ်ကြောင်း ကော်မရှင် (Mekong River Commission - MRC ) က ရှိနေတာ ဖြစ်တဲ့အတွက် ကန့်ကွက်မှုတွေ ရှိလာနိုင်တယ်လို့ ထင်တယ်။ အရင်က ဆောက်ခဲ့တဲ့အထက်က တရုတ်ရဲ့ဆည်နဲ့ အောက်က ထိုင်းရဲ့ဆည်ကြောင့် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းမှာ ကြီးမားတဲ့သဘာဝဘေးတွေ ကြုံခဲ့ရတဲ့အတွက် အခုဆည်ကိုပါ ထပ်ဆောက်ခွင့်ကို MRC က ခွင့်ပြုလိမ့်မယ်လို့မထင်ပါဘူး"
မဲခေါင်မြစ်ကြောင်းကော်မရှင် (Mekong River Commission – MRC) မှာ အပြည့်အ၀ အဖွဲ့ဝင်နိုင်ငံတွေ အဖြစ် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံ၊ ဆွေးနွေးဖက် နိုင်ငံတွေအဖြစ် တရုတ်နဲ့ မြန်မာနိုင်ငံတို့ ပါဝင်ပြီး ဒေသတွင်း ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေကို ပြုလုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
ဇူလိုင်လ ၃ ရက်ကနေ ၅ ရက်အထိ သုံးရက်တာ ကြာမြင့်တဲ့ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း အခုသတောတူ စာချုပ်အပြင် ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ (Tourism MoU)၊ နေပြည်တော်နဲ့ ဗီယင်ကျန်း မြို့တို့ ညီအမမြို့တော်အဖြစ် တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (Sister City MoU) နဲ့ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။
