မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ကျေးရွာတွေကို စစ်တပ်ခန့် အစိုးရစစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သား လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီ လက်နက်ကြီးကျည်တွေဟာ ဆင်သေရွာနဲ့ ရွာတော်ရွာအနီး လူနေအိမ်တွေပေါ် ကျရောက် ပေါက်ကွဲခဲ့ တာကြောင့် အသက် ၆၂ နှစ်အရွယ် ဦးထွန်းငြိမ်း၊ ၅၉ နှစ်အရွယ် ဦးဝင်းရွှေ၊ အသက် ၃၁ နှစ်အရွယ် ကိုဖိုးတုတ်၊ အသက် ၂၈ နှစ်အရွယ် ကိုဝေလင်းထွန်း နဲ့ အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်မာနွယ် တို့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။
စစ်တပ် တပ်စွဲထားတဲ့ စဉ့်ကူးမြို့အပါအဝင် လက်ပံလှ၊ ရွှေပြည်၊ ထုံးကြီး၊ သဲအင်း၊ ကြက်တူရွှေး နဲ့ ကျွန်းကြီး စတဲ့ ရွာတွေကနေ ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်တွေကို ပစ်ခတ်နေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လက်ပံလှရွာမြောက်ဘက် ပန်းကမ္ဘာဆိုင် အနီးကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးတွေနဲ့ ၇ ချက် မနည်း ရမ်းသန်း ပစ်ခတ်ခဲ့တာဗျ။ စစ်တပ် တပ်စွဲထားတဲ့ ထုံးကြီး နဲ့ အချို့ရွာတွေကို အရှေ့ဘက်က တော်လှန်ရေး အဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့သေးတယ်လေ။ အဲလို ဝင်ဝင် တိုက်ခိုက်နေလို့ သူတို့ ရွာတွေကိုမဲပြီး ရမ်းသန်း လှည့်ပတ် ပစ်ခတ်နေတာ။”
ဒီလို ပစ်ခတ်မှုတွေကြောင့် နေအိမ်အချို့ ထိခိုက် ပျက်စီးမှု ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကိုတော့ နီးစပ်ရာဆေးခန်းမှာ ဆေးဝါးကုသမှုပေးနေတယ်လို့ ပြောပါတယ်။
လောလောဆယ် စဉ့်ကူးမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပေမယ့် တော်လှန်ရေးအဖွဲ့တွေက စစ်တပ်ဂိတ်နဲ့ တပ်စွဲထားတဲ့ ကျေးရွာတွေကို ပျောက်ကြားပုံစံ စစ်ရေး လှုပ်ရှားတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့် အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ၈၁ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ရာ ကျွန်းဦးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၂ အရွယ် မအေးမြင့်သူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
