တိုက်ပွဲနဲ့ နေရပ်စွန့်တိမ်းရှောင်ရတာတွေကြောင့် လူ ၁၆ သန်းကျော် အကူအညီလိုနေဟု ကုလပြော

မကွေးတိုင်းမှာ တိုက်ပွဲတွေကြောင့် လူ ၁ သိန်းကျော် ထပ်မံနေရပ်စွန့်ခွာခဲ့ရပြီး ပခုက္ကူ၊ မြိုင်၊ ပေါက်နဲ့ ဆောမြို့နယ်တွေမှာ ထိခိုက်မှုများခဲ့ဟုဆို။

မြန်မာနိုင်ငံတစ်ဝန်း ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုတွေနဲ့ လုံခြုံရေးအန္တရာယ်တွေကြောင့် လူဦးရေ ၁၆ ဒသမ ၂ သန်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဇူလိုင်လ ၁၃ နေ့က ထုတ်ပြန်လိုက်ပါတယ်။

OCHA ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပြည်တွင်း အိုးအိမ့်စွန့်နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ (IDP) ဦးရေဟာ ၃ ဒဿမ ၈ သန်း (၁၈ သိန်း) နီးပါး ရှိနေပြီး၊ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ နိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ နေရပ်ရွှေ့ပြောင်းမှုအသစ်တွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မကွေးတိုင်းအတွင်း လူ ၁ သိန်းကျော် ထပ်မံနေရပ်စွန့်ခွာခဲ့ရပြီး ပခုက္ကူ၊ မြိုင်၊ ပေါက်နဲ့ ဆောမြို့နယ်တွေမှာ ထိခိုက်မှုများခဲ့တယ်လို့ OCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာလည်း ဇွန်လအစပိုင်းက ဖြစ်ပွားခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် လူ ၂,၂၀၀ ကျော် နေရပ်ရွှေ့ပြောင်းခဲ့ရပြီး အဲဒီထဲက လူ ၉၀၀ ခန့်ဟာ လုံခြုံရေးအခြေအနေကြောင့် အိန္ဒိယနိုင်ငံဘက်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအတွက် ၂၀၂၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၈၉၀ သန်း လိုအပ်နေပြီး လက်ရှိအချိန်ထိ ရန်ပုံငွေရရှိမှုဟာ ၄၃ ရာခိုင်နှုန်းသာ ရှိသေးတယ်လို့ OCHA က ဆိုပါတယ်။

၂၀၂၆ ခုနှစ် ပထမသုံးလအတွင်း လူသားချင်းစာနာမှုအဖွဲ့အစည်းတွေဟာ ပြည်သူ ၁ ဒသမ ၆ သန်းထံ အကူအညီတွေ ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့် တစ်နိုင်ငံလုံးအတွက် လျာထားထားတဲ့ လူ ၄ ဒသမ ၉ သန်းရဲ့ ၃၃ ရာခိုင်နှုန်းခန့်သာ ရောက်ရှိနိုင်ခဲ့တာဖြစ်ပါတယ်။

ပေးအပ်နိုင်ခဲ့တဲ့ အကူအညီတွေထဲမှာ စားနပ်ရိက္ခာ၊ ရေနဲ့ သန့်ရှင်းရေးဆိုင်ရာ အထောက်အပံ့တွေ၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးနဲ့ ပြည်သူအကာအကွယ်ပေးရေး လုပ်ငန်းတွေ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ရန်ပုံငွေမလုံလောက်မှုကြောင့် အကူအညီအများစုဟာ ရေရှည်အထောက်အပံ့ပေးနိုင်တဲ့ ပုံစံမဟုတ်ဘဲ အရေးပေါ်လိုအပ်ချက်အတွက် အချိန်တိုအတွင်းသာ ပေးနိုင်ခဲ့တာကြောင့် မြေပြင်လိုအပ်ချက်တွေနဲ့ ကွာဟချက်တွေ ဆက်ရှိနေတယ်လို့ OCHA က ပြောပါတယ်။

ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ လက်ရှိ လူသားချင်းစာနာမှုအကျပ်အတည်းဟာ ရိုးရိုးသဘာဝဘေးအခြေအနေမဟုတ်ဘဲ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာရဲ့ တိုက်ရိုက်အကျိုးဆက်တွေကြောင့် ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“အကူအညီပေးရေးအတွက် ရန်ပုံငွေ ရရှိမှုတစ်ခုတည်းက ပြဿနာမဟုတ်ပါဘူး။ မြေပြင်မှာ လိုအပ်နေတဲ့ အကူအညီတွေ လွတ်လပ်စွာရောက်ရှိနိုင်ရေး၊ လုံခြုံရေးအခြေအနေကောင်းမွန်ရေးနဲ့ အရပ်သားတွေကို ကာကွယ်ပေးနိုင်ရေးတွေက အဓိက စိန်ခေါ်မှုဖြစ်နေတာပါ”

အထူးသဖြင့် နေရာထိုင်ခင်းနဲ့ လူသုံးကုန်ပစ္စည်း အကူအညီပေးနိုင်မှုဟာ တစ်နှစ်တာ ရည်မှန်းချက်ရဲ့ ၃ ရာခိုင်နှုန်းသာ ရှိနေပြီး လူဦးရေ တစ်သိန်းတစ်သောင်း ( ၁၁၀,၀၀၀ ) ခန့်ကိုသာ ကူညီနိုင်သေးတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဇွန်လအစပိုင်းကတည်းက တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၁ သောင်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ OCHA က ဖော်ပြပါတယ်။

ရခိုင်၊ ချင်း၊ ကယားနဲ့ ရှမ်းပြည်နယ်တွေမှာလည်း တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေအတွက် ကာကွယ်စောင့်ရှောက်ရေးနဲ့ အခြေခံဝန်ဆောင်မှု ရရှိရေး အခက်အခဲတွေ ဆက်ရှိနေပါတယ်။

ဒါ့အပြင် လောင်စာဆီရရှိမှု အခက်အခဲ၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်မှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှု တွေကြောင့် ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထိခိုက်နေပြီး ကျန်းမာရေး၊ ရေပေးဝေရေးနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကိုပါ ထိခိုက်စေတယ်လို့ OCHA က ဆိုပါတယ်။

မြန်မာ့အရေးလေ့လာသူတွေကတော့ လက်ရှိအခြေအနေမှာ လူသားချင်းစာနာမှုအကူအညီ လိုအပ်သူဦးရေ တိုးလာနေခြင်းဟာ တိုက်ပွဲတွေနေ့စဉ်ရက်ဆက်ဖြစ်ပွားနေမှုနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး ပဋိပက္ခအခြေအနေ မလျော့ကျသရွေ့ အခုလို အကူအညီလိုအပ်ချက်တွေက ဆက်လက်မြင့်တက်နေဦးမှာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

OCHA ကတော့ ပဋိပက္ခဒဏ်ခံနေရတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ ဘေးကင်းလုံခြုံစွာနဲ့ အနှောင့်အယှက်မရှိ ရောက်ရှိနိုင်ရေးအတွက် နိုင်ငံတကာအလှူရှင်တွေရဲ့ ဆက်လက်ပံ့ပိုးမှုတွေ အရေးကြီးနေကြောင်း တိုက်တွန်းထားပါတယ်။