မန္တလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၅ ဦး ရိုက်နှက်ခံရ၊ ၄ ဦးကို တိုက်ပိတ်ထား

ထောင်တွင်းမှာ ဝယ်အိပ်တဲ့ အိပ်ရာလိပ်တွေကို သိမ်းဆည်းရာက ရိုက်နှက်မှုစဖြစ်။

မန္တလေးမြို့ အိုးဘိုဗဟိုအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့ပြီး အဲဒီထဲက ၄ ဦးကို အခုအချိန်အထိ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက RFA ကို ဇူလိုင်လ ၁၂ နေ့က ပြောပါတယ်။

အိုးဘိုထောင်ဝန်ထမ်းတွေက ဇူလိုင် ၂ ရက်နေ့က နိုင်ငံရေးအကျဉ်းသားတွေရဲ့ အိပ်ရာလိပ်တွေကို ရှာဖွေရေး လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သိမ်းဆည်းရာကနေ စတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအိပ်ရာလိပ်တွေဟာ ထောင်ဝန်ထမ်းတွေကိုယ်တိုင် အကျဉ်းသားတွေကို ရောင်းထားတဲ့ ပစ္စည်း ဖြစ်တာကြောင့် ခံဝန်လက်မှတ် မထိုးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့တာဖြစ်တယ်လို့လည်း မရောင်နီလင်းက RFA ကို ပြောပါတယ်။

“ အခကြေးငွေပေးပြီးဝယ်ထားရတဲ့ အိပ်ယာလိပ်တွေကို ဘာလို့ ပြန်သိမ်းတာလဲလို့ မေးလိုက်တာကနေ ပြန် ရှင်းမပြဘဲ ခံဝန်လက်မှတ် ရေးထိုးခိုင်းတယ်။ အဲဒီမှာ သူတို့ လက်မှတ်ထိုးခိုင်းတာကို မထိုးတဲ့ ငြင်းဆန်ခဲ့တဲ့ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုအောင်မျိုးကို (ခ) ကိုမျိုးကို ကို ထောင် ဝန်ထမ်းတွေက ဒုတ်တွေနဲ့ရော လက်သီးတွေနဲ့ပါ ဝိုင်းရိုက်ခဲ့ကြတာ၊ ဒါ့အပြင် ကိုအောင်မျိုးကို ဒဏ်ရာရ သွားတာကို မေးမြန်းခဲ့တဲ့ ကိုကျော်ကြီးနဲ့ ကိုရှိန်ကြီးတို့ကိုပါ ထပ်ပြီး ရိုက်နှက်တာ ခံလိုက်ရတာပါ။“

မန္တလေး အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ရိုက်နှက်ဖို့ ဦးဆောင်ခဲ့သူဟာ အာဏာသိမ်း စစ်တပ်ကနေ အကျဉ်းဦးစီးဌာနကို ပြောင်းလာတဲ့ ဦးစီးအရာရှိက ဦးဆောင်ခဲ့တာဖြစ်တယ်လို့ PPNM က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ ကိုအောင်မျိုးကို၊ ကိုကျော်ကြီး၊ ကိုရှိန်ကြီးနဲ့ အခြား ရာဇဝတ်အကျဉ်းသားတစ်ဦး စုစုပေါင်း ၄ ဦးကို တိုက်ပိတ်ထားပြီး ကျန်တဲ့သူတွေကိုလည်း အဆောင်ပြောင်းပြီး စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရိုက်နှက်ခံထားရသူထဲက တချို့သူတွေဟာ ဒဏ်ရာပြင်းထန်နေသလို လုံလောက်တဲ့ ဆေးကုသ ခွင့်လည်း အခုအချိန်အထိ မရသေးတာကြောင့် ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ မရောင်နီလင်းက ပြောပါတယ်။

ဒါကြောင့် တိုက်ပိတ်ခံထားရသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ဒဏ်ရာရသူတွေကို ဆေးကုသခွင့်ပေးဖို့နဲ့ ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ အနီးကပ်စောင့်ကြည့်ပေးဖို့ PPNM က တိုက်တွန်းထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အိုးဘိုဗဟိုအကျဉ်းထောင်တာဝန်ရှိသူတွေရဲ့ သဘောထားကို RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ မန္တလေးတိုင်း၊ စီမံကိန်းစီးပွားရေး နှင့်ဘဏ္ဍာရေးဝန်ကြီးဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆို ခြင်းမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၁၀ နေ့ ထုတ်ပြန်ထား တဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၃၁,၄၁၈ ဦးရှိပြီး ဖမ်းဆီးခံရသူတွေထဲမှာ ထိန်းသိမ်းခံနေရဆဲလို့ အတည်ပြုနိုင်သူ ၁၄,၄၇၇ ဦးနဲ့ အတည်ပြုဖို့လိုအပ်နေသူ ၇,၉၁၄ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။