စစ်တပ်စစ်ကြောင်းဝင်နေတဲ့ မြိုင်နဲ့ပေါက်မှာ ဒေသခံ လေးဦး သတ်ဖြတ်ခံရ

အသက် ၅၀ ကျော်ကနေ ၆၀ ကျော်အရွယ် အမျိုးသား လေးဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရဟုဆို။

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ တစ်ပတ်အတွင်း ဒေသခံ လေးဦးကို သတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၁၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်တပ်က အင်အား ၆၀၀ လောက် စစ်ကြောင်းထိုးနေတာဖြစ်ပြီး ကျေးရွာတွေဘက်ကို ဝင်လာချိန်မှာ တွေ့တဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ မြိုင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကန်နက်က ပြည်သူတွေကိုလည်း သတ်သွားတာဗျ။ မြိုင်နယ်က ကန်နက်၊ လက်ခုပ်ပင် စတဲ့ ရွာတွေ မီးရှို့ခံရတာ။ တစ်ချို့ကလည်း ကိုယ့်အိမ်နဲ့ကိုယ် သံယောဇဉ်ရှိတော့ နီးနီးနေကြတာပေါ့။ ဝေးဝေးလွတ်လွတ်ကျွတ်ကျွတ် မရှောင်မိတော့ စစ်ကြောင်းနဲ့ တွေ့တဲ့အချိန် သတ်ခံလိုက်ရတယ်”

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ အသက် ၅၀ကျော်ကနေ ၆၀ ကျော်အရွယ်တွေ ဖြစ်တဲ့ မြိုင်မြို့နယ် ကန်နက်ရွာက အမျိုးသား ၂ ဦး၊ မြင်းကိုးသစ်ရွာက အမျိုးသား ၁ ဦးနဲ့ ကိုင်းတောမရွာက အမျိုးသား ၁ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၃ နဲ့ ၁၄ နှစ်ရက်အတွင်းမှာလည်း ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာက နေအိမ် ၄၇ လုံးနဲ့ မြိုင်မြို့နယ်က ကန်နက်၊ လက်ခုပ်ပင်၊ ညောင်ကုန်း၊ ကိုင်းတောမနဲ့ ထန်းငယ်တော စတဲ့ ကျေးရွာတွေက နေအိမ် ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက်ရွာတွေထဲက တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူဆောင်သွားသလို မီးရှို့ဖျက်ဆီးတာတွေလည်း ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကြောင်းက ဝါးရင်းချိုင်ရွာ၊ ကျွဲတွင်းရွာနဲ့ ဝက်ပုတ်ရွာတွေဘက်မှာ ရှိနေပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မြိုင်နဲ့ပေါက်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဇူလိုင်လ ၁၄ ရက်နေ့အထိ ရွာပေါင်း ၂၀ ထက်မနည်းက စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။