မြိုင်နဲ့ပေါက်မှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် အရေးပေါ်အကူအညီ လိုအပ်နေ

ရွာပေါင်း ၂၀ ထက်မနည်းက စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် အရေးပေါ် အကူအညီတွေ လိုအပ်နေ။

မကွေးတိုင်း၊ မြိုင်နဲ့ပေါက်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ဇူလိုင်လ ၁၄ ရက်နေ့အထိ ရွာပေါင်း ၂၀ ထက်မနည်းက စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ဘေးရှောင်နေရတာ အချိန်ကြာလာတာကြောင့် ဒုက္ခသည်တွေ အစစအရာရာ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ မြိုင်မြို့နယ်မှာ ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ရှောင်ကတော့ ပေါက်နဲ့ မြိုင် ဟိုဘက် ဒီဘက်ဆိုတော့ များတာပေါ့။ မိုးကလည်း ခေါင်တော့ ရေအခက်အခဲ တွေ့တာပေါ့။ စစချင်းတုန်းကတော့ ပြည်သူအချင်းချင်း ထောက်ပံ့ကြတယ်လေ။ အခုကျနေတော့ အချင်းချင်းတောင် သိပ်မထောက်ပံ့နိုင်တော့ အခက်အခဲ ရှိတာပေါ့။ ကိုယ်ပါတာ ကိုယ်ချက်စားဆိုတော့ တချို့ဆို အခြေခံတွေကျတော့ စားဝတ်နေရေး တော်တော် အခက်အခဲ ဖြစ်တာပေါ့။ ကျန်းမာရေးအတွက် ဆေးနဲ့ရိက္ခာဘတ်ဂျက်တွေ လိုတာပေါ့။ စစ်ကြောင်းက ကြာနေတော့ အခက်အခဲတွေ့တာပေါ့ဗျာ”

မြိုင်မြို့နယ်ထဲက ရွာသစ်ရွာ၊ ကိုင်းတောမရွာ၊ ရွာတန်းရှည်ရွာ၊ ဆိတ်သာရွာ၊ ဝက်ပုတ်ရွာ၊ ကုန်းရွာ၊ ချောင်းဦးတိုရွာ၊ ပေပင်သိုက်ရွာ၊ ကိုင်းမရွာ၊ ကန်နက်ရွာ၊ ညောင်ကုန်းရွာ နဲ့ လက်ခုပ်ပင်ရွာ စတဲ့ ရွာပေါင်း ဆယ်ရွာထက်မနည်းနဲ့ အလားတူ ပေါက်မြို့နယ်ထဲမှာလည်း ရေထွက်ရွာ၊ နှောပေါက်ရွာ၊ ထောက်ရှာပင်ရွာနဲ့ ရှားစေးချက်ရွာ စတဲ့ ရွာတွေလည်း ရှောင်တိမ်းနေရတယ်လို့ ပြောပါတယ်။

ပေါက်မြို့နယ်၊ အရှေ့မြောက်ပိုင်း ဇုန်- ၇ နယ်မြေ ရွာ ၉ ရွာက လူဦးရေ ၇၀၀၀ ခန့်ဟာ ပြီးခဲ့တဲ့ နှစ်ပတ်ကနေ လက်ရှိအချိန်အထိ နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲမှာ ရှောင်တိမ်းနေရတာကြောင့် စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပေါက်မြို့နယ်၊ လူမှုရေးရာ အလုပ်သမားနဲ့ လူသားချင်း စာနာထောက်ထားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီဒေသကို စစ်တပ်က အင်အား ၆၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒီရက်ပိုင်းမှာပဲ လက်ခုပ်ပင်ရွာ၊ ထောက်ရှာပင်ရွာ၊ ကန်နက်ရွာ စတဲ့ရွာတွေကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ စစ်ကြောင်းတွေက အဲဒီရွာတွေ အနီးပတ်ဝန်းကျင်မှာ ရှိနေတာကြောင့် မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကို စာရင်းကောက်ယူလို့ မရသေးဘူးလို့ ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က မြိုင်မြို့နယ် တွင်းမရွာမှာ ရပ်နားခဲ့တဲ့ စစ်တပ်ရဲ့ Mi 17 ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က နောက်ထပ် စစ်ကြောင်းနှစ်ကြောင်း ထပ်ဝင်ရောက်လာတာကြောင့် ပေါက်နဲ့ မြိုင်ထဲမှာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူ ၃ ဒဿမ ၈ သန်းကျော် (၃,၈၁၄,၁၀၀ ဦး) ရှိပြီး မကွေးတိုင်းထဲမှာ သုံးသိန်းနီးပါး (၂၉၆,၃၀၀ ဦး) ရှိနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂ဝ၂၆ ခုနှစ် ဇူလိုင် ၆ ရက်နေ့အထိ စာရင်းမှာ ဖော်ပြထားပါတယ်။