မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀ ခန့် ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းကို ဇူလိုင် ၁၅ ရက်နေ့က ဆိပ်ဖြူ-ဆောလမ်းမှာ မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) က ရုပ်သံမှတ်တမ်းနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က ငါးဦး သေဆုံးပြီး ခုနစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP တာဝန်ရှိသူတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
“ဆိပ်ဖြူမြို့အထွက် ဆိပ်ဖြူ-ဆောလမ်းမတစ်နေရာမှာ ရဲကားနှစ်စီးကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာပါ။ အင်အား ၅၀ ကျော် လိုက်ပါလာတဲ့ ကားလမ်းကြောင်းဖြစ်ပေမယ့် ရဲတပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး ခုနစ်ဦးလောက်ပဲ အပြင်းအထန်ဒဏ်ရာရသွားပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်နက်၊ ခဲယမ်းသိမ်းဆည်းရမိတာတော့ မရှိခဲ့ပါဘူး”
ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) အပြင် ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၃) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဇူလိုင် ၁၀ ရက်နေ့က ချောက်မြို့နယ် တောင်သာ (တောင်) ကျေးရွာ နဲ့ ရှမ်းစုကျေးရွာကြား တိုက်ပွဲအပြီး မကွေးခရိုင် အမှတ် (၃) တပ်ရင်းက ၁၃ ဦး၊ မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခြောက်ဦးနဲ့ မကွေးခရိုင် အမှတ် (၁) တပ်ရင်းက တစ်ဦး စုစုပေါင်း PDF ရဲဘော် ၂၀ ခန့်ကို စစ်တပ်နဲ့ ရဲကွန်မန်ဒိုတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောထားပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ရဲကွန်မန်ဒိုအဖွဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ NSP က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်တပ်ဘက်ကလည်း သေဆုံးဒဏ်ရာရမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ဒါကြောင့် စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ မကွေးတိုင်း ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
