ဖားကန့် မြေပြိုကျစဥ် ပျောက်နေတဲ့ ကျောက်သမား ခုနစ်ဦး သုံးရက်ကြာထိ ရှာမတွေ့သေး

ဇူလိုင်လ ၁၉ ရက် မနက်ကတည်းက ဖားကန့်ရပ်ကွက်တွေနဲ့ မမုံကျေးရွာ၊ နမ္မဖြစ်ကျေးရွာ၊ ဆန်းကြွယ်ကျေးရွာနဲ့ လုံးခင်းကျေးရွာစတဲ့ နေရာတွေမှာ ရေကြီးရေလျှံနေ။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကုဋေမှော်လုပ်ကွက်မှာ ဇူလိုင်လ ၁၇ ရက်က မိုးဆက် တိုက်ရွာသွန်းပြီး မြေစာ ပြိုတာကြောင့် ပျောက်ဆုံးသွားတဲ့ ရေမဆေးသမား ခုနစ်ဦးကို ဇူလိုင် ၁၉ ရက်နေ့ အထိ သုံးရက်ဆက်တိုက် ရှာဖွေနေပေမဲ့ မတွေ့သေးဘူးလို့ နယ်ခံ ကူညီနေသူတွေက ပြောပါတယ်။

မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ ခုနစ်ဦးအထဲမှာ အသက် ၂၀ ကနေ ၄၀ အရွယ်ရှိတဲ့ ရခိုင်တိုင်းရင်းသားသုံး ဦးပါဝင်ပြီး ကျန်တဲ့လေးဦးကိုတော့ အတိအကျ မသိရသေးဘူးလို့ အမည်မဖော်လိုတဲ့ ကူညီနေသူတစ်ဦးက ပြောပါတယ်။

“လုံးခင်း၊ ဆိုင်းတောင်၊ မမုံတကြောလုံး ရေမြုပ်နေတာ။ မြို့ပေါ်ရပ်ကွက်ဆိုရင် ဥရုဟိုတယ် အနောက်ဘက် အကုန် ရေမြုပ်တာတွေချဉ်းပဲ။ နှစ်စဉ်ပေါ့ ရေမြုပ်တာကတော့။ အခုရေကလည်း ကြီး မြေတွေကလည်း ပျော့နေတဲ့ကြားထဲက ကယ်ဆယ်ရေးတော့ ဆက်လုပ်နေတယ်။ ဒီညနေအထိ မထူးရင်တော့ လက်လျော့ရ တော့မယ်။ ကယ်တဲ့သူတွေလည်း အန္တရာယ်အရမ်းများတယ်။ ကျွန်တော် အတွေ့အကြုံအရဆိုရင် ပါသွားတဲ့ခုနစ်ယောက်က တော်တော်နက်နက်အထိ မြေခဲတွေနဲ့ပါသွားတာဖြစ်မယ်။ ဒီကြားထဲ မိုးကတစ်ရက်မှမတိတ်သေးဘူးဆိုတော့ အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းနေပြီလို့ ဆိုလို့ရတယ်"

အလားတူ ဇူလိုင်လ ၁၆ ရက်ကလည်း ကုဋေမှော်မှာပဲ စစ်ရှောင်ရေမဆေးသမား ကျင်းပြိုရာကနေ တွင်းအဆုံးအထိ မရောက်ဘဲ လမ်းခုလတ်မြေခဲပေါ်မှာ တင်ကျန်ရစ်ပြီး အသက်ရှင်ကျန်ရစ် တာကြောင့် နှစ်ရက်အကြာ ဇူလိုင်လ ၁၈ ရက်မှာ ကယ်တင်ခဲ့ရတယ်လို့ သူကဆိုပါတယ်။

အဲဒီလူဟာ စစ်ကိုင်းကနေ ဖားကန့်ကို စစ်ရှောင်လာတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး အသက်မသေဆုံးပေမဲ့ ပြုတ်ကျတဲ့ အရှိန်ကြောင့် ခြေထောက်တစ်ဖက် ကျိုးသွားတယ်လို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ရဲ့ စစ်တပ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးကျော်မင်းခိုင်ကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

ဖားကန့်မြို့နယ်မှာ ဇူလိုင်လ ၁၉ ရက် မနက်ပိုင်းကစပြီး မြို့ပေါ် ရပ်ကွက်တွေနဲ့ မမုံကျေးရွာ၊ နမ္မဖြစ်ကျေးရွာ၊ ဆန်းကြွယ်ကျေးရွာနဲ့ လုံးခင်းကျေးရွာစတဲ့ နေရာတွေမှာ ရေကြီးရေလျှံနေသလို မြေပြိုမှု တွေလည်း ကြုံနေရတာကြောင့် လူသုံးရာနီးပါးလောက် နေရာရွှေ့ပြောင်း နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFAက ပြုစုထားတဲ့စာရင်းတွေအရ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်လက်ရှိအချိန်အထိ ဖားကန့်မြို့နယ်မှာ မြေပြိုမှု ၂၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉၂၇ ဦး အထိရှိခဲ့ပါတယ်။