ဒုက္ခသည်အရေးနဲ့ ပညာရေးကူညီနေတဲ့ လူငယ် သုံးဦးကို စစ်တပ် သတ်ဖြတ်

သူတို့သုံးဦးကို စစ်တပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ဧကနိရွာအနီးမှာ စွန့်ပစ်ခဲ့တာဟုဆို။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ရေဖြူမြို့ကို ဇူလိုင်လ ၉ ရက်က စစ်တပ်စစ်ကြောင်း ဝင်ရောက်ပြီးနောက် စစ်ဘေးရှောင်အရေးနဲ့ ပညာရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူငယ် သုံးဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက RFA ကို အတည်ပြုပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ အသက် ၂၃ နှစ်အရွယ်တွေဖြစ်တဲ့ ကိုဝေယံအောင်(ခ) ကိုလီယွန်၊ ကိုအောင်ဇော်ဖြိုး(ခ)ကိုအသာနဲ့ အသက် ၁၉ နှစ်အရွယ် ကိုအောင်မြတ်သူ(ခ)ကိုသားငယ်တို့ဖြစ်ပြီး စစ်တပ်စစ်ကြောင်းက ရက်ရက်စက်စက် သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ဧကနိရွာအနီးမှာ စွန့်ပစ်ထားခဲ့တာလို့ ဆိုပါတယ်။

သူတို့ရဲ့ရုပ်အလောင်းတွေကို ဇူလိုင်လ ၂၀ ရက်နေ့မှာ တွေ့ရတာလို့ ထားဝယ်ခရိုင်ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းတွေ ဝင်လာတော့ ဝဇွမ်းတောကနေ သူတို့သုံးယောက်အပါအဝင် အရပ်သားနှစ်ဆယ်လောက် ဧကနိရွာကို ဖမ်းခေါ်သွားခံရတာ။ သူတို့နဲ့ အတူတူ ဖမ်းခေါ်ခံရတဲ့ အရပ်သားတွေ ပြန်လွတ်လာတော့ ပြောပြချက်အရ ဇူလိုင်လ ၁၃ ရက်အထိ သူတို့သုံးယောက်ကိုတွေ့သေးတယ်တဲ့။ ၁၃ ရက်နောက်ပိုင်း ဘယ်ကိုခေါ်သွားမှန်းမသိဘူးတဲ့။ ရုပ်အလောင်းတွေကို ဝဇွမ်းတောနဲ့ဧကနိရွာကြားထဲတွေ့တာ။ ကြည့်ရတာ သတ်ဖြတ်ခံရတာ တစ်ပတ်လောက်ရှိပြီပြောတယ်။ သုံးဦးလုံးကတော့ The Ants Humanitarian Aids အဖွဲ့ကပါ။ ပြန်တွေ့တဲ့အချိန်မှာ ရုပ်အလောင်း လေးလောင်းတွေ့တာ။ စစ်ရှောင်အရေး ကူညီနေသူသုံးဦးနဲ့ ကျန်တစ်ဦးက ဘယ်သူဘယ်ဝါမှန်းခွဲမရဘူးဖြစ်နေတယ်”

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်က ထားဝယ်အထူးစီးပွားရေးဇုန်ကို အင်အားထောင်ချီပါတဲ့ စစ်တပ်စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်လာချိန်မှာ သူတို့သုံးဦးနဲ့အတူ အရပ်သား နှစ်ဆယ်ခန့် ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

ရုပ်အလောင်းတွေမှာ သေနတ်ကျည်ဆန်ရာ မတွေ့ရဘဲ ဓားဒဏ်ရာ၊ ပြတ်ရှဒဏ်ရာတွေအပြင် ကိုယ်လက်အင်္ဂါတချို့ ဖြတ်တောက်ခံထားရတယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိမြေပြင်မှာ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းမှာ စစ်တပ်စစ်ကြောင်း ရှိနေသေးတာကြောင့် ကျေးရွာ ခုနစ်ရွာက ဒေသခံသုံးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ဇူလိုင်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်နဲ့ အရပ်သား ပြည်သူစုစုပေါင်း ၈,၁၉၄ ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။