၁ဝ၂၇ စစ်ဆင်ရေးမှာ စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အပြင် ကိုးကန့်တပ် (MNDAA) နဲ့ “ဝ “တပ်ဖွဲ့ (UWSA) အဖွဲ့တွေဟာ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင် ရဲ့ ရက် ၁ဝဝ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအတွင်း နေပြည်တော်ကို သွားရောက်ဆွေးနွေးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ဒီအဖွဲ့တွေနဲ့ စစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးနေချိန် ကျန်တဲ့တော်လှန်ရေးအင်အားစုတွေအပေါ် စစ်ရေးအင်အား ပိုသုံးပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းထဲဝင်လာအောင် ဖိအားပေးလာနိုင်တယ်လို့ လေ့လာသူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက သုံးသပ်ကြပါတယ်။
လက်ရှိအခြေအနေအရ စစ်တပ်က အညာဒေသမှာ ထိုးစစ်တွေ ပိုပြီးအရှိန်မြှင့်လာနိုင်တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ အညာဒေသအတွက်နဲ့ ယှဉ်မယ်ဆိုရင် အကောင်းဘက်ကနေ ဖြစ်နိုင်ချေ နည်းပါတယ်။ ၁၀၂၇ နောက်ပိုင်းမှာတောင်မှ လောလောဆယ် အခုအခြေအနေအထိ ဖြစ်နေတာက အရင်ကထက် ပိုပြီး စစ်ရေးတင်းမာလာတယ်။ နယ်မြေစိုးမိုးမှု ရရှိနိုင်ရေးဆိုပြီး အလုံးအရင်းနဲ့ ကြိုးစားနေတာ ရှိတယ်။ အရင်က စစ်ကြောင်း အင်အား နှစ်ရာ၊ သုံးရာနဲ့ ထိုးတဲ့အခါမှာ အခုဟာက ရှစ်ရာ၊ တစ်ထောင်နဲ့ စစ်ကြောင်းထိုးနေတယ်”
မြန်မာ့အရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ တော်လှန်ရေးအင်အားစုတွေ ကြားမှာ တိကျခိုင်မာတဲ့ စုဖွဲ့မှု မတည်ဆောက်နိုင်ရင် စစ်ရေး၊ နိုင်ငံရေးနဲ့ ဒေသတွင်းသံတမန်ရေး ဖိအားတွေ ကြုံလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“အဲဒီလို ခံရတဲ့အတွက်ကြောင့်မို့ အသွင်ပြောင်း အစိုးရ လမ်းကြောင်းထားပေးတဲ့ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ လမ်းပေါ်ကို မရောက်ချင်ဘဲ ရောက်လာဦးမဲ့ အဖွဲ့တွေ ရှိလာဦးမယ်လို့ မျှော်မှန်းလို့ရတယ်”
လေ့လာသူတွေကတော့ စစ်တပ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးမှုတွေဟာ စစ်ရေးအခြေအနေတစ်ခုတည်းကြောင့် မဟုတ်ဘဲ ဒေသတွင်းနိုင်ငံရေးနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဩဇာသက်ရောက်မှုတွေကြောင့်လည်း ပါဝင်တယ်လို့ သုံးသပ်ကြပါတယ်။
CDM ဗိုလ်ကြီးဇင်ယော်က လက်ရှိအခြေအနေဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ တိုင်းရင်းသားမဟာမိတ်အင်အားစုတွေအပေါ်ကိုပဲ မှီခိုမနေဘဲ ကိုယ့်အင်အားကိုယ် ပိုတည်ဆောက်ရမယ့် အခြေအနေကို ပြသနေတယ်လို့ ပြောပါတယ်။
“အခု လက်ရှိ အနေထားအရ ဆိုရင်တော့ ဒီနွေဦးတော်လှန်ရေးအတွက် နည်းနည်း အနုတ် လက္ခဏာတော့ ဆောင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဗမာ တော်လှန်ရေးတပ်တွေ နွေဦးတော်လှန်ရေးနဲ့ အတူပေါ်လာတဲ့ ဗမာတော်လှန်ရေးတပ်တွေ အနေနဲ့က ကိုယ့်ကိုကိုယ် အားကိုးရတော့မယ် ဆိုတဲ့ အနေအထားကို ပီပီပြင်ပြင် တွေ့လိုက်ရတဲ့ အနေအထားပေါ့"
လက်ရှိငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ စစ်တပ်ခန့်အစိုးရအတွက် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုမှုရဖို့ဖြစ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ရနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူတချို့နဲ့ တော်လှန်ရေးအဖွဲ့တွေက သုံးသပ်ကြပါတယ်။
စစ်တပ်အရာရှိဟောင်း ဒေါက်တာအောင်မျိုးကတော့ လက်ရှိဆွေးနွေးမှုတွေကနေ မမျှော်လင့်ထားတဲ့ သဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“တိုင်းပြည်က မမျှော်လင့်ဘဲနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ဖြေရှင်းမှုကြီး တစ်ခုက ရသွားနိုင်တယ်လို့ ကျွန်တော်က အကောင်းဘက်ကနေ မြင်ထားတယ်။ အဲလို ဖြစ်သွားနိုင်တဲ့ အနေအထားရှိတယ်။ လက်နက်ကိုင်တာက အကျိုးမရှိဘူး ဆိုတာကတော့ အခု အားလုံး သဘောပေါက် လက်ခံသွားပြီ အပေးအယူတစ်ခုမှာဆိုရင်တော့ သူတိုး ငါလျှော့ပေါ့ မမျှော်လင့်ဘဲ တစ်ယောက်နဲ့ ရလိုက်ရင် အားလုံးကောင်းသွားနိုင်ပါတယ်”
စစ်တပ်ခန့်အစိုးရရဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။ သက်ဆိုင်ရာအဖွဲ့တွေဆီကို RFA က အကြိမ်ကြိမ်ဆက်သွယ်ပေမဲ့ ဒီသတင်းထုတ်လွှင့်နေချိန်အထိ တုံ့ပြန်ဖြေကြားလာတာ မရှိသေးပါဘူး။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက် နောက်ပိုင်း စစ်ရေးနဲ့ နိုင်ငံရေးဖိအားတွေ ပိုကြုံလာရနိုင်တာကြောင့် တော်လှန်ရေး အင်အားစုတွေအတွက် တိကျခိုင်မာတဲ့ စုဖွဲ့မှုတွေနဲ့ မဟာဗျူဟာတွေဟာ ပိုအရေးပါလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
