မြန်မာနိုင်ငံက အမျိုးသမီး နိုင်ငံရေးအကျဥ်းသူတွေဟာ ထောင်ထဲမှာ ညှဥ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု၊ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်ကုသခွင့် ငြင်းဆိုခံရမှုတွေနဲ့ ရင်ဆိုင်နေရပြီး သူတို့ကို အမြန်လွှတ်ပေးဖို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က စက်တင်ဘာ ၂၃ ရက်နေ့မှာ အစီအရင်ခံစာထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
ဒီအမျိုးသမီးတွေဟာ ထောင်ထဲမှာ ဆိုးဝါးတဲ့အတွေ့အကြုံတွေခံစားရသလို လွတ်လာတော့လည်း စိတ်ဒဏ်ရာတွေနဲ့ နေထိုင်ကြရတယ်လို့ HRW ရဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှုး ဘရိုင်ယိုနီ လော (Bryony Lau) က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဥ်းသားအဖြစ် အကျဥ်းကျခံခဲ့ရသူတွေဟာ စနစ်တကျချမှတ်ထားတဲ့ ထောင်အခြေအနေတွေနဲ့ အကျဥ်းသားတွေအပေါ် လျစ်လျူရှုခံထားရတဲ့ အခြေအနေ နှစ်ခုစလုံးအပါဝင် ထောင်တွေရဲ့ အထူးစိတ်ပျက်စရာ စနစ်စရိုက်တွေကို အသေးစိတ် ပြန်ပြောကြပါတယ်။ ဒီအမျိုးသမီးတွေဟာ ဥပဒေမဲ့ လက်လွတ်စပယ် အဖမ်းခံရတာကအစ ထောင်ထဲမှာ နှိပ်စက်ညှဥ်းပန်းမှုနဲ့ မသင့်မလျှော် ဆက်ဆံခံရတာ အပါအဝင် မတရားမှု အဆင့်ဆင့်ကို တွေ့ကြုံခံစားခဲ့ရသူတွေဖြစ်ပြီး ထောင်ကလွတ်လာပေမဲ့ အမြဲမပြတ် စိုးရိမ်ကြောက်ရွံ့မှုနဲ့ စိတ်ဒဏ်ရာတွေပါလာခဲ့ကြပါတယ်။”
နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီးအနေနဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ပုဒ်မတွေနဲ့ စစ်တပ်က ဖမ်းဆီးပြီး ထောင်နဲ့စစ်ကြောရေးစခန်း ၁၁ ခုမှာ ထိန်းသိမ်းအကျဥ်းကျခဲ့ရသူ အမျိုးသမီး ၁၇ ဦး၊ မိသားစုဝင် သုံးဦး၊ ရှေ့နေနဲ့ အကျိုးဆောင် လေးဦးတို့ကို ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်တွေအတွင်း ဆက်သွယ်မေးမြန်းခဲ့ပြီး အခုလို တွေ့ရှိတာလို့ ဆိုပါတယ်။ အမျိုးသမီး အကျဥ်းသူ ၁၇ ဦးထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ သတင်းထောက်၊ ကျန်းမာရေးဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဆောင်ရွက်သူတွေပါတယ်လို့ သိရပါတယ်။
မြန်မာစစ်အာဏာပိုင်တွေလက်အောက်မှာရှိတဲ့ အကျဥ်းထောင်နဲ့စစ်ကြောရေးစခန်းတွေမှာ အမျိုးသမီးတွေဟာ တုတ်၊ သံချိန်းကြိုး၊ သံပိုက်လုံး နဲ့ ရိုက်ခံရတာ၊ လေးခွနဲ့ပစ်ခံရတာတွေကြုံခဲ့ရသလို လျှပ်စစ် ကျင်စက်နဲ့တို့တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ မီးလောင်နေတဲ့ ဆေးလိပ်နဲ့အထိုးခံရတာ၊ မခံမရပ်နိုင်အောင် အချိန်အကြာကြီး ပုံစံပေး ထိုင်ခိုင်းတာ၊ ရက်သတ္တပတ်ပေါင်းများစွာ တစ်ယောက်ထဲ တိုက်ပိတ်အပြစ်ပေးခံရတာတွေလည်း ကြုံကြရတယ်လို့ HRW ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက အမျိုးသမီး ၆,၆၀၀ ကျော်နဲ့ ကလေးသူငယ် ၆၄၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေကို ကိုးကားဖော်ပြထားသလို ၂၀၂၁ နဲ့ ၂၀၂၆ အတွင်း နိုင်ငံရေးအကျဥ်းသား ၂၉၀ ကျော်သေဆုံးတဲ့အထဲမှာ အမျိုးသမီး နိုင်ငံရေးအကျဥ်းသူ ၄၃ ဦးပါဝင်ခဲ့ကြောင်း မြန်မာအကျဥ်းထောင်စောင့်ကြည့်ရေးကွန်ရက်တစ်ခုဖြစ်တဲ့ Myanmar Prison Witness ရဲ့ ထုတ်ပြန်ချက်တွေကိုလည်း ကိုးကားထားပါတယ်။
တချို့အကျဥ်းသူတွေဟာ ဆေးဝါးနဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေ ထောင်ထဲမှာ ရချင်ရင် လိင်ကိစ္စနဲ့ အလဲအထပ် လုပ်ရမယ်လို့ ထောင်ဝန်ထမ်း အစောင့်တွေက အတင်းအကြပ် တောင်းဆိုတာမျိုးတောင်ကြုံရတယ်လို့လည်း ကြုံခဲ့ရသူတွေကို မေးမြန်းပြီး အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသမီး နိုင်ငံရေးအကျဥ်းသူ အားလုံး ချက်ချင်းပြန်လွှတ်ပေးဖို့လည်း ဒီအစီအရင်ခံစာမှာ တောင်းဆိုထားပါတယ်။
