အရပ်သားပြည်သူတွေ အကာအကွယ်‌ပေးဖို့ အရေးတကြီးလိုအပ်ဟု အထူးကိုယ်စားလှယ်သစ်ပြော

အာဏာသိမ်းခေါင်းဆောင် သမ္မတရာထူးရယူအပြီး စစ်တပ်က အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာတွေ ပိုတိုးလာဟုဆို။

မြန်မာစစ်တပ်က လေကြောင်းကနေ လက်လွတ်စပယ် ဗုံးကြဲတိုက်ခိုက်တာနဲ့ အကြိမ်ကြိမ် အိုးအိမ်စွန့် ထွက်ပြေးနေ ကြရတာတွေ လျော့နည်းသွားဖို့အတွက် အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေး ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ လတ်တလော အရေးတကြီး အလိုအပ်ဆုံး ကိစ္စရပ်ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အသစ်ဖြစ်တဲ့ ကယ်လီ ကာရီ (Kelly Currie) က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့က ထုတ်လွှင့်တဲ့ ဒီဗီဘီ (DVB) သတင်းဌာနနဲ့ သီးသန့်ဆက်သွယ်မေးမြန်းချက်မှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။ မစ္စကယ်ရီဟာ အခုနှစ် ဧပြီလက တာဝန်ပြီးဆုံးသွားတဲ့ မစ္စတာတွမ်အင်ဒရူး (Tom Andrews) နေရာမှာ အစားထိုးခန့်အပ်ခံထားသူဖြစ်ပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က သူ့ကိုယ်သူ ပြည်ထောင်စုသမ္မတအဖြစ် အာဏာရယူအပြီး လက်နက်ကိုင်ပဋိပက္ခ အရှိန်မြင့်တက်လာတာနဲ့အမျှ မြန်မာစစ်တပ်ဟာ အရပ်သားတွေအပေါ် လေကြောင်း တိုက်ခိုက်တာတွေ အပါအဝင် အရပ်ဘက်ပြစ်မှတ်တွေကို အဆောက်အဦတွေကို အရှိန်မြှင့် တိုက်ခိုက်လာ ကြောင်း၊ နောက်တစ်ခုက စစ်အာဏာရှင်နဲ့ သူလက်ပါးစေတွေကို ဘဏ္ဍာရေးနဲ့ သံတမန်ရေးအရ ထောက်ပံ့ပေး ပြီး အာဏာတည်မြဲရေးအတွက် ကူညီပေးနေတဲ့ အိမ်နီးချင်းနိုင်ငံ တချို့နဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတချို့ရဲ့ ပါဝင်ပတ်သက်မှုတွေကို အဓိကထား လေ့လာနေကြောင်းလည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောထားပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ အိန္ဒိယ၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေဟာ မြန်မာစစ်အာဏာပိုင်တွေနဲ့ ဆက်ဆံရေးထူထောင်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေရပြီး မြန်မာပြည်သူတွေ အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် ယုံကြည်ကိုးစားမှု ပျောက်နေတာကိုလည်း တွေ့ရှိရတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ်ဟာ လာမယ့် အောက်တိုဘာမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းမယ့် အစီအရင်ခံစာအတွက် အဖွဲ့အစည်း ၅၀ ခန့်နဲ့ ဆွေးနွေးပြီး အချက်အလက်ရယူနေတယ်လို့လည်း သိရပါတယ်။