မိခင်ဖြစ်သူ ပြန်လွှတ်ပေးရေး ဦးမင်းအောင်လှိုင်ထံ သားဖြစ်သူ အိတ်ဖွင့်စာပို့ တောင်းဆို

အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ မိခင်အနေနဲ့ ဘဝရဲ့နှစ်ပေါင်းများစွာ အကျဥ်းကျ ဆုံးရှုံးခဲ့ရတဲ့အတွက် လွတ်ပေးဖို့အချိန်တန်နေပါပြီဟုဆို။

နေပြည်တော်က နေရာအတိအကျ မသိရတဲ့ အကျဥ်းထောင်နေအိမ်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ မိခင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်၊ စကားပြောခွင့်ပေးဖို့နဲ့ ပြန်လည်လွှတ်ပေးဖို့ စစ်အာဏာသိမ်းခေါင်းဆောင်နဲ့ စစ်တပ်ခန့်အစိုးရ အကြီးအကဲ ဦးမင်းအောင်လှိုင်ကို ဦးတည် တောင်းဆိုထားတဲ့ စာတစ်စောင်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာသံရုံးကို သွားရောက် ပေးအပ်ခဲ့တယ်လို့ ကင်အဲရစ် (Kim Aris) ခေါ် ကိုထိန်လင်းက စက်တင်ဘာ ၂၂ ရက်နေ့က ပြောကြား လိုက်ပါတယ်။

ICRC ကိုယ်စားလှယ်တွေ့ခွင့်ရခဲ့လို့ မိခင်ဖြစ်သူ အသက်ရှင်ရက် ရှိနေသေးတယ်ဆိုတာသိ ရကြောင်း၊ ဒါပေမယ့် အခုအချိန်အထိ သူ့နဲ့ တွေ့ခွင့် စကားပြောခွင့်မရခဲ့သေးကြောင်း၊ သူကလေးဘဝက တည်းက မိခင်ဖြစ်သူ လွတ်မြောက်ဖို့ တောင်းဆိုခဲ့ရတာ အခု ဆယ်စုနှစ်တွေများစွာ ကြာအပြီးမှာလည်း ထပ်ပြီး တောင်းဆိုနေရကြောင်း၊ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ မိခင်အနေနဲ့ ဘဝရဲ့နှစ်ပေါင်းများစွာ အကျဥ်းကျ ဆုံးရှုံးခဲ့ရတဲ့အတွက် လွတ်ပေးဖို့အချိန်တန်နေပါပြီလို့လည်း သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ကိုထိန်လင်းဟာ စစ်အာဏာသိမ်းစဥ် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ထားပြီး အဂတိလိုက်စားမှု အပါအဝင် ပုဒ်မမျိုးစုံတပ် ထောင်ချခံထားရတဲ့ မိခင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ်ပေးဖို့ အသက်ရှင်လျက်ရှိတယ်ဆိုတာ သက်သေအထောက်အထားပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကို စဥ်ဆက်မပြတ်ပြုလုပ်နေသူလည်းဖြစ်ပါတယ်။

၂၀၂၆ စက်တင်ဘာ ၂၂ ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပေးဖို့ တောင်းဆိုစကားပြောနေသည့် ကိုထိန်လင်း ခေါ် ကင်အဲရစ်အား တွေ့ရပုံ။
Myanmar detained leader’s son sends an open letter to release his mother 2 ၂၀၂၆ စက်တင်ဘာ ၂၂ ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပေးဖို့ တောင်းဆိုစကားပြောနေသည့် ကိုထိန်လင်း ခေါ် ကင်အဲရစ်အား တွေ့ရပုံ။ (Kim Aris - Htein Lin)

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း မိခင်ဖြစ်သူ သက်ရှိထင်ရှားရှိတယ်ဆိုတာ ထုတ်ဖော်မပြသဘဲ နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့တဲ့အချိန်မှာ အစ်မရင်းတစ်ယောက်လို စောင့်ရှောက်ထားတယ်လို့ ပြောဆိုခဲ့တာကို အံ့သြတုန်လှုပ်မိတယ်လို့ ဇူလိုင်လ ၂၀ ရက်နေ့က RFA က ဆက်သွယ်မေးမြန်းရာမှာ ပြောကြားခဲ့ဖူးပါတယ်၊

ထောင်ဒဏ်ကျခံနေရသူမို့ ပြင်ပလူတွေနဲ့ တွေ့ခွင့်မပေးဘူးဆိုရင် မိခင်ဖြစ်သူဟာ နောက်ထပ် ထောင်သက် အနှစ် နှစ်ဆယ်ကျော် သုံးဆယ် ကျခံရဖို့ရှိနေတဲ့အတွက် အသက် ၁၀၀ ကျော်မှ အပြင်လူနဲ့တွေ့ခွင့်ရတော့မယ့် အနေအထားဖြစ်နေကြောင်း၊ မိခင်ကို ဖမ်းဆီး တရားစွဲ ထောင်ဒဏ်ပေးထားတဲ့ စွဲချက်တွေဟာ မမှန်မကန် လုပ်ကြံစွပ်စွဲချက်တွေသာဖြစ်ပြီး အစကတည်းက ထောင်ဒဏ် အပြစ်ပေးမခံရသင့်သူဖြစ်ကြောင်း၊ သက်ရှိထင်ရှားရှိတယ်ဆိုရင် သက်သေပြဖို့တောင်းဆိုကြောင်းလည်း ကိုထိန်လင်းက ပြောခဲ့ပါတယ်။

သြဂုတ်လဆန်းက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် Mr.Arnaude de Baecque တို့ တွေ့ဆုံတဲ့အကြောင်း သတင်းထွက်ပေါ်လာတုန်းကလည်း ဒါဟာ ငါးနှစ်အတွင်း ပထမဆုံး မျှော်လင့်ချက်ထားစရာတစ်ခုပါပဲလို့ ပြောကြားခဲ့ဖူးပါတယ်။

ဒီအိတ်ဖွင့်ပေးစာ ပေးပို့တာနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြား တာမရှိသေးပါဘူး။

စက်တင်ဘာ ၂၃ ရက်နေ့က ထုတ်လွှင့်တဲ့ တိုင်းမ် Time မဂ္ဂဇင်းနဲ့တွေ့ဆုံမေးမြန်းချက်မှာ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် အလွန်သက်ညှာခဲ့ကြောင်း၊ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ၃၀ ရာခိုင်နှုန်းအထိ အနိုင်ရအောင် မဲမသမာမှုတွေကျူးလွန်ခဲ့ကြောင်း၊ ဒါ့အပြင် အဂတိလိုက်စားမှုတွေ သက်သေအထောက်အထားနဲ့ ကျူးလွန်ခဲ့ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနဲ့ပတ်သက်လို့ သူ့အပေါ်မှာပဲ တည်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ စစ်တပ်ခန့်အစိုးရအကြီးအကဲ ဦးမင်းအောင်လှိုင်က ဖြေကြားထားပါတယ်။